ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နဲ့ ကန်ပက်လက်ကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ချင်းတောင်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး မင်းတပ်နဲ့ ကန်ပက်လက်ကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့တပ်မတော်အနေနဲ့ မိမိတို့ရဲ့ ဘိုးဘွားပိုင် တောတောင်ရေမြေနှင့် ပြည်သူတို့ရဲ့ အသက်အိုးအိမ်ကို အစွမ်းကုန်ကာ ကာကွယ်သွားမှာ ဖြစ်တယ်လို့ ဇွန် ၄ ရက်နေ့မှာ ချင်းပြည်သူ့အစည်းအရုံးက ထုတ်ပြန်ပါတယ်။
ချင်းပြည်သူ့အစည်းအရုံး ထိန်းချုပ်ထားတဲ့ မင်းတပ်နဲ့ ကန်ပန်လက်မြို့နယ်ထဲကို အာဏာ သိမ်းစစ်တပ်က အင်အား ၂၀၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေပြီး မေလလယ်ကစလို့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းကို ချင်းပြည်သူ့တပ်မတော်နှင့် မဟာမိတ်တွေက ဟန့်တားထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်က ယောဒေသ၊ ကျောက်ထုကနေ မင်းတပ်မြို့ကို စစ်ကြောင်းတစ်ကြောင်း၊ ဆောမြို့ကနေ ကန်ပက်လက်ကို စစ်ကြောင်းတစ်ကြောင်းနဲ့ ထိုးစစ်ဆင်နေပြီး တိုက်ပွဲ တွေဖြစ်ပွားနေတာပါ။
“ချင်းဘက်ကိုက သူတို့ဆက်မတက်နိုင်သေးပါဘူး။ အထိနာနေတယ်။ ရှေ့ဆက်မတိုးနိုင်ဘူး။ သူတို့ဘက်က သေတာတွေ တော်တော်များတယ်။ ကိုယ့်ဘက်ကလည်း ကျတာတွေ ရှိပါတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
ချင်းတောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ဟာ မြေပြင်မှာ အခြေအနေ မကောင်းတာကြောင့် လေကြာင်းတိုက်ခိုက်မှုတွေ အကြိမ်များစွာ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ခုမနက်ကို ကြဲသွားတယ်။ မနေ့ကရော၊ တနေ့ကပါ ညအချိန်ကြီးတွေ Y12 တွေနဲ့ပါ ကြဲတာ” လို့ လေကြာင်းစောင့်ကြည့်သူ လူငယ်တစ်ဦးက ပြောပါတယ်။ ဇွန် ၃ ရက်နေ့ ည ၁၀ နာရီကနေ ၁၁ နာရီအတွင်း မင်းတပ်မြို့နယ် အရှေ့ခြမ်းကို ဂျက်ဖိုက်တာ နှစ်စီး၊ Y12 တစ်စီးနဲ့ အတွဲလိုက်ဗုံးတွေ ကြဲချခဲ့တယ်လို့ သိရပါတယ်။
ချင်းတောင်ပိုင်း တိုက်ပွဲတွေနဲ့ပတ်သက်ပြီး သတင်းမှားတွေ၊ ကောလဟာလတွေ အွန်လိုင်းပေါ်မှာ၊ တရားဝင်မဟုတ်တဲ့ ဖေ့စ်ဘုတ်စာမျက်နှာနှင့် အကောင့်တွေမှာ ပြန့်နှံလျက်ရှိပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်စေတာကြောင့် တိုက်ပွဲနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကိုသာ စောင့်ကြည့်ကြဖို့ ချင်းပြည်သူ့အစည်းအရုံးက အသိပေးထားပါတယ်။
CPU/ CPA ဟာ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး ချင်းပြည်နယ်တောင်ပိုင်း နယ်မြေချင်းထိစပ်နေတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ချင်းညီနောင်အဖွဲ့ဝင်တွေ နှင့် ဒိုင်ရ်မျိုးနွယ်တွေပါဝင်ပြီး ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလမှာ ချင်းပြည်သူ့အစည်းအရုံးကို/ ချင်းပြည်သူ့တပ်မတော်ကို ( CPU/ CPA) ဖွဲ့စည်းကြောင်းထုတ်ပြန်ခဲ့ပါတယ်။
ချင်းညီနောင်အဖွဲ့ဝင် CNDF ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က မြေပြင်ရော၊ ဝေဟင်ပါ အင်အားအများအပြားနဲ့ ခြောက်လနီးပါးကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ဖလမ်းမြို့ကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅ ရက်နေ့မှာ ပြန်လက်လွတ်ခဲ့ရပါတယ်။ ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းမြို့ကို ပြန်သိမ်းပိုက်နိုင်ပြီးနောက် တစ်လနီးပါးအကြာ မေ ၁၉ ရက်မှာ ချင်းပြည်ကောင်စီ ထိန်းချုပ်ထားတဲ့ တွန်းဇန်မြို့ကို စစ်တပ်က ချင်းလက်နက်ကိုင်အဖွဲ့ ZRA နဲ့ပူးပေါင်းပြီး ပြန် သိမ်းပိုက်ခဲ့ပါတယ်။
ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ပြီးနောက်ပိုင်း ချင်းပြည်တောင်ပိုင်းကို စစ်တပ်က ယောဒသကနေတဆင့် ထိုးစစ်ဆင်ခဲ့တာပါ။ အင်အားထောင်ချီထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ယောဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေ၊ ချင်းပြည့်သူ့တပ်မတော်နှင့် မဟာမိတ်တွေက တိုက်ခိုက်နေပြီး စစ်တပ်ဘက်က ရာဂဏန်းထိ ထိခိုက်သေဆုံးမှုရှိတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။






