Home > သတင်း > စစ်ရေး > ဆောမြို့နယ်က ဒေသခံတွေရဲ့ ပစ္စည်းတွေနဲ့ ရိက္ခာတွေကို စစ်တပ်က အဓမ္မယူဆောင်

ဆောမြို့နယ်က ဒေသခံတွေရဲ့ ပစ္စည်းတွေနဲ့ ရိက္ခာတွေကို စစ်တပ်က အဓမ္မယူဆောင်

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ကျေးရွာတွေကနေ အဖိုးတန်ပစ္စည်းတွေနှင့် ဆန်တင်းပေါင်းရာချီပါဝင်တဲ့ စားနပ်ရိက္ခာတွေကို အတင်းအဓမ္မယူဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက ယူဆောင်ခဲ့တယ်လို့ သိရပါတယ်။
“ရွာတွေကိုဝင် အိမ်တွေကို မွေနှောက်၊ လိုချင်တဲ့ပစ္စည်းတွေကို ယူတာ။ ကားတွေနဲ့ပတ်ပြီး တိုက်ယူတာ” လို့ ယောဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဇွန် ၂ ရက်နေ့က ကျောက်ထု – မင်းတပ် လမ်းဘေးက တောင့်တက်၊ ပြင်လယ်နှင့် ရေရှင်ကျေးရွာတွေကနေ ဆန်အတင်းပေါင်း ၅၀၀ နီးပါးအထိ ယူဆောင်သွားခဲ့တယ်လို့ ဒေသတွင်း သတင်းတွေကို တင်ဆက်နေတဲ့ ယောအလင်းတန်းက ရေးသားထားပါတယ်။
အာဏာသိမ်းစစ်တပ်က နေအိမ်တွေကို စိတ်ကြိုက်ဝင်နှောက်ပြီး အဖိုးတန်ပစ္စည်းတွေကို ရှာဖွေယူငင်ကြတယ်လို့ သိရပြီး စစ်တပ်ရဲ့ မွေနှောက်ထားခဲ့တဲ့ နေအိမ်တွေကိုလည်း ပုံနဲ့တကွ ယောအလင်းတန်းက ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဆောမြို့ပေါ်က နေအိမ်တွေ၊ ဈေးဆိုင်တွေကနေလည်း သူတို့စိုက်ကြိုက်ယူငင်နေကြပြီး စစ်တပ်အဖွဲ့ဝင်ရဲ့ သောက်စားမှုးယစ်နေတဲ့ ဗွီဒီယိုဖိုင်အချို့လည်း အွန်လိုင်းမှာ ပြန့်နှံ့နေတာကို တွေ့ရပါတယ်။
“သူတို့စစ်တပ်က လေယာဉ်နဲ့ချပေးတဲ့ ခဲယမ်းနဲ့ ရိက္ခာထုပ်ချပေးတာမျိုး ရှိတယ်။ ယောဒေသမှာရော၊ မင်းတပ်နဲ့ကန်ပက်လက်မှာရော စစ်တပ်အဖွဲ့ ဝင်နှစ်ထောင်လောက်ရှိတယ်။ လေယာဉ်နဲ့ချပေးလို့ ဘယ်လောက်မလဲ။ ပြည်သူတွေဆီကပဲ အဓိက လုစားနေကြတာ” လို့ နောက်ထပ် ယောဒေသခံ တစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ ပစ္စည်းတွေနဲ့ ရိက္ခာတွေကို စိတ်ကြိုက်ယူဆောင်နေကြချိန်မှာ ဆောဒေသခံပြည်သူတစ်သောင်းကျော်ဟာ စစ်ဘေးရှောင်နေကြရပြီး အဲဒီထဲမှာမှ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ စစ်ဘေးရှောင်လာကြသူတွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Photo – ယောအလင်းတန်း။

error: Content is protected !!