စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ စစ်ကော်မရှင်တပ်က ဧပြီလ ၂၆ ရက်နေ့မှာ အင်အားအလုံးအရင်းနဲ့ အရပ်သားတွေ နေထိုင်ရာရပ်ရွာတွေဆီကို စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
အခုလို ယင်းမာပင်မြို့နယ်ကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးတဲ့နေရာမှာ အပစ်မဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီး ၊ သတ်ဖြတ်တာတွေရှိတယ်လို့ဆိုပါတယ် ။
“ယင်းမာပင်နယ်မှာတော့ အခုလောလောဆယ် စစ်ကြောင်းက လေးကြောင်းရှိတယ် ။ နဘူးတောရွာမှာ တစ်ကြောင်း ၊ ကံစုရွာမှာ တစ်ကြောင်း ၊ ရင်ပေါင်တိုင်မှာတစ်ကြောင်း ၊ ဆင်စွယ်ရွာမှာတစ်ကြောင်းပေါ့ ။ ဖမ်းမိတဲ့အရပ်သားတွေကို သတ်တာတွေရှိတယ်။ လွတ်လာတဲ့သူတွေလည်းရှိတယ် ” လို့ မြေပြင်အခြေအနေကို သိရှိတဲ့သူတွေက ပြောပါတယ်။
ယင်းမာပင်မြို့နယ်ထဲကို စစ်ကြောင်းပတ်ထိုးနေတဲ့စစ်ကြောင်းတွေဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တပ်ဖွဲ့ဝင်တွေ ၊ ပြည်သူ့စစ်တွေ ၊ တပ်မ ၉၉က တပ်ဖွဲ့တွေနဲ့ ရဲအထူးကွန်မန်ဒိုတွေလည်းပါဝင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့မှာ စစ်ကော်မရှင်တပ်က စစ်ကိုင်းတိုင်းထဲက မြို့နယ် ၈ ခုကို စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့အထဲမှာ ပုလဲမြို့နယ်နဲ့ကနီမြို့နယ်တွေပါဝင်လာပြီးနောက် အခုလို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။






