ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့ကို ဧပြီ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ လက်လွတ်လိုက်ရပြီဖြစ်ပြီးအာဏာသိမ်းစစ်တပ်က ဖလမ်းမြို့နှင့် ဆူရ်ဘုန်လေဆိပ်ကို ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ဖလမ်းမြို့နှင့် ဆူရ်ဘုန်လေဆိပ်တို့ကို ချင်းပူးပေါင်းတပ်တွေက ဒီကနေ့မှာ လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုထားကြောင်းလည်း သိရပါတယ်။
ဒီကနေ့မှာ အာဏာသိမ်းစစ်တပ်အဖွဲ့ဝင်တွေက လေဆိပ်နဲ့ တပ်ကုန်းခွင်နေရာကို ဝင်ရောက်နေရာယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဖလမ်းမြို့ကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၇ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်လက်အောက်ကနေ ချင်းညီနောင်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
ငါးလကြာတိုက်ခိုက်သိမ်းယူခဲ့ရတဲ့ဖလမ်းမြို့ကို ချင်းညီနောင်အဖွဲ့ဟာ တစ်နှစ်ကျော်အကြာအထိ ထိန်းချုပ်ခဲ့ပြီးနောက် ခုလို ပြန်လက်လွတ်ခဲ့ရတာဖြစ်ပါတယ်။
ဖလမ်းမြို့ရရှိရေးအတွက် အာဏာသိမ်းစစ်တပ်ဟာ ခြောက်လကြာ မြေပြင်အင်အားရော၊ ဝေဟင်အားပါ အသဲအသန် ထိုးစစ်ဆင်ခဲ့ရတာဖြစ်ပါတယ်။
ဖလမ်းမြို့ဟာ ချင်းပြည်နယ်မြို့တော် ဟားခါးနဲ့ မိုင်လေးဆယ်အကွာ ကလေး – ဟားခါးလမ်းပေါ်မှာတည်ရှိပြီး ချင်းပြည်နယ်ရဲ့ ဒုတိယမြို့အဖြစ် လူသိများပါတယ်။
ဖလမ်းမြို့ဟာ လေယာဥ်ကွင်းရှိတဲ့အပြင် အိန္ဒိယ – မြန်မာ ကုန်သွယ်ရေးအတွက်လည်း အချက်အချာကျတဲ့ မြို့ဖြစ်ပါတယ်။
ဖလမ်းမြို့ကို ပြန်လည်ရရှိပြီးနောက် အာဏာသိမ်းစစ်တပ်ဟာ အိန္ဒိယ – မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့တော်ဖြစ်တဲ့ ရိဒ်ခေါ်ဒါရ်မြို့အထိ ထိုးစစ်ဆင်သိမ်းပိုက်ပြီး ကုန်သွယ်ရေးလမ်းမကို ထိန်းချုပ်ဖို့ ဆက်ကြိုးစားနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။






