Home > သတင်း > တရားဉပဒေစိုးမိုးရေး > သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီး၍ မရနိုင်ကြောင်းနှင့် မျက်မှောက်ခေတ် (Nowadays News)၏ သဘောထားထုတ်ပြန်ချက်

သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီး၍ မရနိုင်ကြောင်းနှင့် မျက်မှောက်ခေတ် (Nowadays News)၏ သဘောထားထုတ်ပြန်ချက်

အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့်ချိရေးယန္တရားဖြစ်သော ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်စွဲဖြင့် မျက်မှောက်ခေတ် (Nowadays News)အပါအဝင် သတင်းဌာနအချို့အား သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လက်မှတ်များ ရုပ်သိမ်းပိတ်သိမ်းကြောင်း ထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်၍ ကျွန်ုပ်တို့ မျက်မှောက်ခေတ်သတင်းဌာနက အောက်ပါအတိုင်း တန်ပြန်ထုတ်ပြန်အပ်ပါသည်။

၁။ မျက်မှောက်ခေတ် (Nowadays News) သတင်းဌာနသည် အရပ်သားအစိုးရလက်ထက်ကတည်းက တရားဝင် မှတ်ပုံတင်ကာ ကျင့်ဝတ်နှင့်အညီ ရပ်တည်ခဲ့သည့် လွတ်လပ်သော သတင်းမီဒီယာတစ်ခုဖြစ်သည်။

၂။ အာဏာသိမ်းကာလ ကနဦးရက်များ ဖြစ်သည့် ၂၀၂၁ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် စစ်ကား ၄ စီးဖြင့် စစ်တပ်တပ်ဖွဲ့ဝင်များသည် ကျွန်ုပ်တို့၏ သတင်းရုံးခန်းအတွင်းသို့ အကြမ်းဖက်ဝင်ရောက် စီးနင်းခဲ့ပြီး ရုံးသုံးကွန်ပျူတာများ၊ စက်ပစ္စည်းများနှင့် အဖိုးတန်ပစ္စည်းများကို ရိုက်နှက်ဖျက်ဆီးခဲ့ကြသည်။

ဤလုပ်ရပ်သည် မီဒီယာလွတ်လပ်ခွင့်ကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ကာ အမှန်တရားကို ဖုံးကွယ်ရန် ကြိုးပမ်းသည့် သရုပ်မှန်ကို ပြသခဲ့ခြင်းဖြစ်သည်။

၃။ ရုံးခန်းနှင့် ပစ္စည်းကိရိယာများ ဖျက်ဆီးခံခဲ့ရသော်လည်း ကျွန်ုပ်တို့၏ သတင်းထောက်များနှင့် ဝန်ထမ်းများသည် အာဏာသိမ်းကာလတစ်လျှောက်လုံးတွင် နည်းလမ်းမျိုးစုံဖြင့် သတင်းလုပ်ငန်းများကို အဆက်မပြတ် ဆက်လက်လည်ပတ်ခဲ့ကြသည်။ စစ်တပ်၏ မည်သည့်ဖိနှိပ်မှုကမျှ ကျွန်ုပ်တို့၏ သတင်းအလုပ်အပေါ် စိတ်ဓာတ်ကျဆင်းစေခြင်း မရှိခဲ့ဘဲ ယနေ့ထက်တိုင် ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။

၄။ အာဏာသိမ်းစစ်တပ်၏ ယခုပိတ်သိမ်းကြောင်း ထုတ်ပြန်ချက်သည် တရားဝင်မှုမရှိသကဲ့သို့ ကျွန်ုပ်တို့အနေဖြင့်လည်း အဆိုပါထုတ်ပြန်ချက်အပေါ် အလေးထား ဂရုပြုနေမည်မဟုတ်ပါ။ ပြည်သူလူထု သိသင့်သိထိုက်သည့် အမှန်တရားများ၊ မြေပြင်သတင်းများကို မည်သည့်အတားအဆီးရှိစေကာမူ နည်းလမ်းမျိုးစုံဖြင့် ဆက်လက်သတင်းထုတ်လွှင့် တင်ဆက်သွားမည်ဖြစ်သည်။

ကျွန်ုပ်တို့သည် မည်သည့်ဖိအားအောက်တွင်မဆို ပြည်သူ့ဘက်မှ ရပ်တည်ကာ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ အမှန်တရားကို ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြု ထုတ်ပြန်အပ်ပါသည်။

အယ်ဒီတာအဖွဲ့

မျက်မှောက်ခေတ် (Nowadays News) သတင်းဌာန

error: Content is protected !!