Home > သတင်း > စစ်ရေး > ချင်းတောင် စစ်ကြောင်းမှာ စစ်တပ်က အချင်းချင်းပစ်လို့ ဗိုလ်ကြီးအပါအဝင် ၃ဦး သေဆုံးဟုဆို

ချင်းတောင် စစ်ကြောင်းမှာ စစ်တပ်က အချင်းချင်းပစ်လို့ ဗိုလ်ကြီးအပါအဝင် ၃ဦး သေဆုံးဟုဆို

ချင်းပြည်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းမှာ ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းမှာ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး စစ်တပ်က ဗိုလ်ကြီးအပါအဝင် ၃ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အချင်းချင်းပစ်ခတ်မှုမှာ ပစ်ခတ်သူဟာ စစ်မှုထမ်းတပ်သားသစ်တစ်ဦးဖြစ်ပြီး အဆိုပါ ပစ်ခတ်ခံရမှုကြောင့် အမှတ် (၈၉) ခြေလျင်တပ်ရင်း၊ (ခလရ-၈၉) က ဗိုလ်ကြီး အောင်မင်းဦးနှင့် စစ်အင်ဂျင်နီယာတပ်ရင်း (BE) တပ်က တပ်သားတစ်ဦးတို့ သေဆုံးခဲ့သလို ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့ စစ်မှုထမ်းတပ်သားလည်း စစ်တပ်တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်မှုထမ်းတပ်သားရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ဗိုလ်ကြီးအောင်မင်းဦးနှင့် တပ်သားတစ်ဦးရဲ့ ရုပ်အလောင်းတွေကို ဧပြီ ၈ ရက်နေ့မှာ ကလေးမြို့ကို သယ်ဆောင်ခဲ့တယ်လို့ သိရပြီး ပစ်ခတ်မှုစတင်ပြုလုပ်ခဲ့တဲ့ စစ်မှုထမ်းတပ်သားရဲ့ရုပ်အလောင်းကိုတော့ ချင်းတောင်မှာပဲ စွန့်ပစ်ခဲ့ကြတာကို တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရကြောင်း မျက်မှောက်ခေတ်ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး မျက်မှောက်ခေတ်အနေနဲ့ တပ်တွင်းသတင်းရင်းမြစ်နဲ့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။

သိုင်းငင်းမှာ သေဆုံးခဲ့တဲ့ စစ်တပ်ဗိုလ်ကြီးနဲ့ တပ်သားရုပ်အလောင်းတွေကို ဧပြီ ၉ ရက် နေ့လယ်ပိုင်းမှာ ကလေးမြို့လေယာဥ်ကွင်းတောင်ဘက်ရှိ စစ်ဆေးရုံကနေ ကလေးမြို့ ၂၂၈ တပ်ထဲကို ယာဥ်တန်းနဲ့သယ်ဆောင်ပြီး သင်္ဂြိုလ်ခဲ့ကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့ ပြန်လည်ရရှိရေးအတွက် အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကစ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ငါးလတာတိုက်ပွဲအတွင်း စစ်တပ်က ရာနဲ့ချီ သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Photo – လူမှုကွန်ရက်

error: Content is protected !!