(မျက်မှောက်ခေတ် အမှတ်ရချက်)
ဧပြီလ ၇ ရက်နေ့ကို စစ်ကိုင်းတိုင်း၊ ကလေးမြို့ရဲ့ အာဇာနည်နေ့ဟု ဆိုနိုင်ပါသည်။ ၂၀၂၁ ဧပြီလ ၇ ရက်နေ့တွင် ကလေးမြို့အနောက်ပိုင်း၊ တာဟန်းပင်မသပိတ်ခံတပ်ကို စစ်ကောင်စီက RPG လက်နက်တွေ အသုံးပြုပြီး ဖြိုခွင်းခဲ့သည်။
ကလေးမြို့က သပိတ်လူငယ် ၁၀ဦးကျော် ကျဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြသည်။
၂၀၂၁၊ ဧပြီ ၇ ရက်နေ့ မနက်အစောကြီးမှာ ကလေးမြို့တမြို့လုံး RPG လက်နက်ကြီးထုသံတွေ၊ ပေါက်ကွဲသံတွေ ၊ စက်သေနတ်သံတွေ လွှမ်းသွားခဲ့သည်။ ကလေးမြို့တမြို့လုံးက ပြည်သူတွေ ခံတပ်ကလူငယ်တွေအတွက် ဆုတောင်းကြသည်။ လမ်းပေါ်က တာယာတွေပုံပြီး မီးရှို့သူက ရှို့ကြသည်။
စစ်ကောင်စီက သပိတ်စခန်းကို စစ်စခန်းတခုလို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သပိတ်ခံတပ်အတွင်းက လူငယ်တွေသည် စစ်ကောင်စီက ထိုသို့ သာလွန်အင်အား၊ လက်နက်တွေနဲ့ ဖြိုခွင်းတာကိုတောင် တတ်နိုင်သမျှ အံတုခုခံခဲ့ကြသည်။
“လူငယ်တယောက်က ဦးနှောက်တွေထွက်နေတယ်။ အပစ်ခံထားရတာ။ သူ့လက်မှာ ပလပ်စတစ်ပိုက်နဲ့လုပ်ထားတဲ့ လက်လုပ်မိုင်းလေး ကျစ်ကျစ်ပါအောင်ဆုပ်လို့ဗျာ။ မိုင်းရဲ့ကြိုးစကို မီးမတေ့ရသေးဘူး” လို့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသည့် ကလေးမြို့ဒေသခံ အမျိုးသားတဦးကပြောသည်။
စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကလေးမြို့ တာဟန်းသပိတ်ခံတပ်က ကိုအာကာသူအောင်၊ ကိုရန်လင်းထက်၊ ဦးငွါလ်ရှမ်းပေါင်၊ ဦးလာရှန်းလျန်နာ၊ဦးဗန်ထားထန်၊ ကိုနိုင်အောင်ရှိန် (ခ) အာကာ၊ ကိုသော်ဇင်၊ကိုနိုင်လင်းဦး၊ ဦးထန်ဆန်းငါ ၊ဆလိုင်းလားဒင့်ထန်၊ဆလိုင်းဗျက်လောင်ကြွမ်း၊နှင့်ဆလိုင်းယေဇကျေ(ခ) အီဇာကီအယ်တို့ ကျဆုံးခဲ့ရသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သပိတ်တွေကို အကြမ်းဖက် ဖြိုခွင်းခဲ့သည်။ လွတ်လပ်စွာသပိတ်မှောက်နိုင်ဖို့ ကလေးမြို့ဒေသခံလူငယ်တွေက ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် တာဟန်း ပင်မသပိတ်ခံတပ်ကို ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာ တည်ဆောက်ခဲ့ကြသည်။
တူမီးသေနတ်အနည်းငယ်နဲ့ Gas Gun တွေ၊ ဒိုင်းတွေသယ်ဆောင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်သပိတ်မှောက်ကြသော ကလေးမြို့ပြည်သူတွေကို ကာကွယ်ပေးခဲ့သည်။
ကလေးမြို့၊ တာဟန်းပင်မသပိတ်ကို စစ်ကောင်စီတပ်က မတ်လ ၂၈ ရက်နေ့ ပထမအကြိမ် ဖြိုခွင်းခဲ့စဥ်က Women For Justic (WJ) ခေါင်းဆောင် မအားခူ၊ ကိုဆန်းသဲ၊ ကိုသားချစ်၊ ကိုထန်ဟောင်းလျန်နှင့် ကိုမင်းညိုတို့ ကျဆုံးခဲ့ရသည်။
ကလေးမြို့၊ တာဟန်းသပိတ် ပထမအကြိမ်ဖြိုခွင်းခံရလို့ သပိတ်လူငယ် ၅ ဦး ကျဆုံးခဲ့ရသော်လည်း သပိတ်လူငယ်တွေသည် ခံတပ်ကို တာဟန်းမှနေပြီး စမ်းမြို့တံတားအနီးထိ တိုးချဲ့ပြီး ရဲရဲရင့်ရင့် ဆက်တိုက်ပွဲဝင်ခဲ့ကြသည်။
မတ်လ ၇ ရက်နေ့တွင် စစ်ကောင်စီ၏ လူအင်အား၊ အထူးဖြင့် လက်နက်အင်အား အလွန်အကျွံ အသုံးပြုပြီး ဖြိုခွင်းခြင်း ခံခဲ့ရသည်။ သပိတ်လူငယ်တွေ ကျဆုံးခဲ့ရသည်။
သပိတ်ခံတပ်မှာ ကျဆုံးခဲ့သူတွေထဲက အချို့ကို စစ်ကောင်စီက ကလေးမြို့ ဒ.က.စ အနီးက တပ်ဆေးရုံကို သယ်ဆောင်သွားပြီး သက်ဆိုင်ရာမိဘတွေကို ငွေကြေးနဲ့ အလောင်းကို ရွေးခိုင်းခဲ့သည်။
မိဘတွေမှာ စစ်ကောင်စီတပ်ကို ပိုက်ဆံပေးပြီး သားသမီးရဲ့အလောင်းကိုရွေးရသည့်အပြင် စစ်တပ်က အချိန်ဆွဲထားတာကြောင့် နောက်တနေ့မိုးချုပ်မှ အလောင်းရကြပြီး အနံ့တွေထွက်နေသောကြောင့် နှစ်ဆပိုမို ခံစားခဲ့ကြရသည်ဟု ဖြစ်စဥ်ကိုသိသည့် ကလေးမြို့ခံတဦးကပြောသည်။
ကျဆုံးခဲ့သည့် လူငယ်အချို့၏ ရုပ်အလောင်းကိုတော့ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီမသိအောင် ဝှက်ထားပြီး မိသားစုဆီပြန်ပို့ပေးနိုင်ခဲ့ကြသည်။ ထိခိုက်ဒဏ်ရာရရှိသူတွေကို စစ်ကောင်စီက ရှာဖွေနေသောကြောင့် ဘေးနားက ကျေးရွာတွေမှာထားပြီး ခက်ခက်ခဲခဲဆေးဝါးကုသ ပေးခဲ့ရသည်။
ကလေးမြို့၊ တာဟန်းပင်မသပိတ် ဖြိုခွင်းခံရပြီး လူငယ်တွေကျဆုံးခဲ့သည်မှာ ဧပြီလ ၇ ရက်နေ့က လေးနှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ကလေးမြို့ ၊တာဟန်းပင်မသပိတ်ခံတပ်သည် စစ်အာဏာသိမ်းပြီးနောက် မြို့ပေါ်မှာ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်ခဲ့သည့် ပထမဦးဆုံးခံတပ်ဖြစ်သည်။
ကလေးမြို့၊ တာဟန်းပင်မသပိတ်ခံတပ်က တူမီးသံသည် စစ်ကောင်စီကို စတင်စိန်ခေါ်ခဲ့သည့် တိုက်ပွဲခေါ်သံဖြစ်သည်။ စစ်ကောင်စီကို တူမီးသေနတ်၊ Gas Gun တွေနဲ့ အံတုခဲ့သော ၊ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အသက်ပေးခဲ့ကြသော လူငယ်တွေကို မမေ့ကြဖို့လိုသည်။
ကလေးမြို့ တာဟန်းတိုက်ပွဲသည် ကလေးမြို့၏ သမိုင်းဝင်တိုက်ပွဲဖြစ်သည်။ ထိုသပိတ်ခံတပ်မှာ ကျဆုံးခဲ့ရသည့် လူငယ်တွေသည် ကလေးမြို့၏ အာဇာနည်တွေဖြစ်သည်။ ကလေးမြို့၊ တာဟန်းသပိတ်ခံတပ် ဖြိုခွင်းခံရသည့် ဧပြီ ၇ ရက်နေ့ကို ကလေးမြို့၏ အာဇာနည်နေ့ဟု ဆိုလိုက်ချင်ပါသည်။
မှတ်ချက် – ” ကလေးမြို့၏ အာဇာနည်နေ့” ဆိုသည်မှာ မျက်မှောက်ခေတ်၏ ခံယူရေးသားချက်သာ ဖြစ်ပါသည်။
၂၀၂၅ ခုနှစ် ဧပြီလ ၈ ရက်က မျက်မှောက်ခေတ်မှာဖော်ပြထားတဲ့ ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။






