Home > သတင်း > ပြည်တွင်း > အညာဒေသမှာ ဝက်စာစျေးနှုန်းတွေမြင့်တက်သွားတာကြောင့် ဝက်မွေးမြူရေးသမားတွေ အရှုံးပေါ်

အညာဒေသမှာ ဝက်စာစျေးနှုန်းတွေမြင့်တက်သွားတာကြောင့် ဝက်မွေးမြူရေးသမားတွေ အရှုံးပေါ်

အညာဒေသ စစ်ကိုင်းတိုင်းထဲမှာ တပိုင်တနိုင် ဝက်မွေးမြူရေး လုပ်ကိုင်နေကြတဲ့ ဒေသခံတွေဟာ ဝက်စာစျေးနှုန်းတွေ မြင့်တက်သွားတာကြောင့် အရှုံးပေါ်နေတယ်လို့ ဝက်မွေးမြူရေးလုပ်ကိုင်သူတွေက ပြောပါတယ်။

၂၀၂၅ ခုနှစ်အကုန်နဲ့ ၂၀၂၆ ခုနှစ်အစပိုင်းမှာ ဝက်စာစျေးနှုန်းတွေ မမြင့်တက်ခဲ့သော်လည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ ဝက်စာစျေးနှုန်းတွေ ထိုးတက်သွားတာလို့ဆိုပါတယ်။

“အရင်က ဝက်စာဖွဲအိတ်တစ်လုံးဆိုရင် ကျပ်ငွေ သုံးသောင်းကျော်လောက်ပဲရှိတာ ။ အခုဆိုရင် ဖွဲအိတ်တစ်လုံးဆိုရင် ကျပ်ငွေ လေးသောင်းခွဲရှိတယ်။ အရင်က ဝက်ကလေးစာဆိုရင် ကျပ်ငွေ သုံးသောင်းလောက်ပဲရှိတာ။ ဝက်ကလေးစာတွေကလည်း အခုဆိုရင် ကျပ်ငွေတစ်သိန်းကျော်ပေါက်တယ် ” လို့ ဝက်မွေးမြူရေး လုပ်ကိုင်သူတွေက ပြောပါတယ်။

ဒါ့အပြင် နို့ဖြတ်တလခွဲရှိတဲ့ ဝက်ကလေးစျေးနှုန်းတွေဟာ ၂၀၂၅ ခုနှစ်အကုန်နဲ့ ၂၀၂၆ ခုနှစ်အစပိုင်းမှာ တကောင်ကို ကျပ်ငွေ သုံးသိန်းအထိ စျေးကောင်းရခဲ့သော်လည်း ယခုအခါမှာ နို့ဖြတ်တလခွဲရှိတဲ့ ဝက်ကလေးတကောင်ကို ကျပ်ငွေ နှစ်သိန်းနီးပါးလောက်သာရှိတော့တယ်လို့ သိရပါတယ်။

“တလခွဲဝက်ကလေးဝယ်ကြတဲ့သူတွေကလည်း ဝယ်ရင် စျေးနှိမ်ဝယ်တယ်။ သူတို့က တဖက်ဖောက်သည်ကို ပြန်ရောင်းတော့ စျေးတင်ရောင်းကြတာ ။ ဗမာဝက်တွေလည်း စျေးမကောင်းဘူး ။ ထိုင်းဝက်တွေလည်း စျေးမကောင်းဘူး ။ ဝက်သားစျေးကြတော့ တက်တယ်။ ဝက်သားတပိဿာကို ကျပ်ငွေ နှစ်သောင်းခွဲကနေ သုံးသောင်းအထိ စျေးပေါက်တယ် ” လို့ ယင်းမာပင်မြို့နယ်က ဝက်မွေးမြူရေးလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက ယင်းမာပင် ၊ ကနီ ၊ ဆားလင်းကြီး ၊ ပုလဲ ၊ ကျွန်းလှ ၊ ကောလင်း ၊ ရွှေဘို ၊ ရေဦး ၊ ခင်ဦး စတဲ့မြို့နယ်တွေမှာ နေထိုင်ကြတဲ့ ဒေသခံအချို့ဟာ တပိုင်တနိုင် ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

error: Content is protected !!