Home > သတင်း > ပြည်တွင်း > ကလေးမြို့မှာ စစ်တပ်မိသားစု ရှင်ပြုလှည့်တဲ့လမ်းတလျှောက် လုံခြုံရေးယူပြီး လမ်းသွားလမ်းလာအချို့ကို ဖမ်းဆီး

ကလေးမြို့မှာ စစ်တပ်မိသားစု ရှင်ပြုလှည့်တဲ့လမ်းတလျှောက် လုံခြုံရေးယူပြီး လမ်းသွားလမ်းလာအချို့ကို ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒီကနေ့ မနက်ပိုင်းက အာဏာသိမ်းစစ်တပ်မိသားစုတွေရဲ့ ရှင်ပြုပွဲလှည့်လည်ရာ ဗိုလ်ချုပ်လမ်းမကြီး၊ ပင်လုံလမ်းမတော်တို့မှာ စစ်တပ်က လုံခြုံရေးယူခဲ့ပြီး လမ်းသွားလမ်းလာအချို့ကိုလည်း စစ်ဆေးဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“သူတို့ရှင်ပြုလှည့်တာကို ဗုံးနဲ့ထုမှာ စိုးတာနေမှာပေါ့ဗျာ။ အခုဒီလိုဖြစ်နိုင်တဲ့ အခြေအနေ မရှိပါဘူး” လို့ ကလေးမြို့ခံ အမျိုးသားတဦးက ပြောပါတယ်။

အဆိုပါ အရှင်လောင်းလှည့်လည်ပွဲမှာ ပိုက်ဆံတွေကြဲခဲ့ပေမယ့် ပိုက်ဆံကြဲတဲ့နေရာကို သွားကောက်ယူမယ့်သူ မရှိခဲ့ဘူးလို့လည်း ဒေသခံတဦးက ဆိုပါတယ်။

စစ်တပ်မိသားစုရှင်ပြုပွဲကို ကလေးမြို့အရှေ့ပိုင်း ဒ.က.စ ဝင်းအတွင်း ကျင်းပပြီး ရှင်လောင်းလှည့်လည်ရာမှာ ကလေးမြို့ ဗိုလ်ချုပ်လမ်းကြီးအတိုင်း အနောက်ဘက် တံတားဦးအထိသွားပြီး ၊ တံတားဦးကနေ ပင်လုံလမ်းမတော်အတိုင်း အရှေ့ကိုပြန်လှည့်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်မိသားစု စုပေါင်းရှင်ပြုအလှူလှည့်လာရာ လမ်းဘေးတလျောက်မှာ စစ်တပ်က ကင်းပုန်းတွေထားခဲ့ပြီးနောက် လမ်းပေါ်မှာ သွားလာတဲ့ ဆိုင်ကယ်တွေကိုပါ စစ်ဆေးဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

“ဖမ်းဆီးတာက ပင်လုံလမ်းမတော် သူနာပြုကျောင်းရှေ့မှာ ဆိုင်ကယ်တွေကို စစ်ဆေးပြီး ဖမ်းတာပါ။ ဖမ်းခံရတာတွေရှိပါတယ်” လို့ ကလေးမြိုခံ အမျိုးသားတဦးက ပြောပါတယ်။

ကလေးမြို့ပေါ်မှာ ဧပြီ ၁ ရက်နေ့ကစ စက်သုံးဆီချွေတာရေးအတွက် ” စုံမ” စနစ် စတင်ခဲ့ပြီး စစ်တပ်က လမ်းမတွေပေါ် စတင်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ စစ်တပ်က စတင်စစ်ဆေးတဲ့ ဧပြီ ၁ ရက်နေ့က ပြည်သူတွေဟာ ထိတ်လန့်ပြီး မြို့ထဲကိုမသွားဘဲ နေခဲ့ကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီကနေ့ ဧပြီ ၇ ရက်နေ့ ဖမ်းဆီးခံရတဲ့ ဆိုင်ကယ်ပိုင်ရှင်တွေနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေကို သိရှိရခြင်းမရှိသေးပါ။ ကလေးမြို့မှာ ယာဥ်စည်းကမ်းဖောက်ဖျက်လို့ ဖမ်းဆီးမိခဲ့ရင် အနည်းဆုံး ဒဏ်ငွေ သုံးသောင်း စစ်တပ်အဖွဲ့ဝင်တွေကို ပေးရလေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်တပ်က ယာဥ်စည်းကမ်းနဲ့ပတ်သက်တဲ့ စည်းကမ်းတွေထုတ်ပြန်ပြီးနောက် လူငယ်တွေအနေနဲ့ မြို့တွင်းကို ဆိုင်ကယ်နဲ့သွားလာရာမှာ ယာဥ်စည်းကမ်းဖောက်ဖျက်လို့ ဖမ်းဆီးမှုနှင့် စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှုကို တပြိုင်တည်း အလုပ်ခံရနိုင်တာကြောင့် သတိထားကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပါတယ်။

Photo – Social Media(ပုံဟောင်း) ကလေးမြို့သူနာပြုကျောင်းရှေ့မှာရပ်ထားတဲ့စစ်တပ်ကား

error: Content is protected !!