မကွေးတိုင်း၊ ယောဒေသမှာ ဓာတ်ဆီစျေးကြီးမြင့်မှုကြောင့် ဆိုင်ကယ်စီးပြီး သွားလာသူတွေ သိသိသာသာ နည်းပါးလာကြောင်း ဒေသခံတွေက ပြောပါတယ်။
“ဆိုင်ကယ်စီးတဲ့သူ တအားနည်းသွားတယ်။ သိသာတယ်။ ဆိုင်ကယ်လာပြင်တဲ့သူမရှိတာကိုး တစ်ပတ်ကျော်ပြီ”လို့ ယောဒေသ ထီးလင်းမြို့နယ်က ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ထားသူ တစ်ဦးက ပြောပါတယ်။
ဓာတ်ဆီစျေးနှုန်းကြောင့် ဒေသခံတွေဟာ အရင်ကလို ဆိုင်ကယ်နဲ့ မသွားလာနိုင်ကြတော့ဘဲ ခြေလျင်သွားလာတဲ့သူတွေ များလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“သာရေး၊ နာရေး ကိစ္စတွေကစ ခြေလျင်သွားကြ၊ လာကြတော့တာ။ တစ်ရွာနဲ့တစ်ရွာ သုံးလေးမိုင်ကနေ ၊ ခြောက်မိုင်လောက်အထိ ခြေလျင်ပဲသွားကြတယ်။ ဟိုတနေ့က ကျမတို့ရွာကို အလှူ လာကြသူတွေဆို ခြောက်မိုင်လောက်ခြေလျင်လျှောက်ပြီးလာကြတာ” လို့ ထီးလင်းမြို့နယ် ကျေးရွာတစ်ရွာက ရွာခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ယောဒေသမှာ ဓာတ်ဆီတစ်လီတာကို တစ်သောင်းသုံး ထောင်ကနေ တစ်သောင်းခွဲအထိ စျေးအမျိုးမျိုးပေါက်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“အရင်တုန်းကတော့ ငါးထောင်တစ်သောင်းဆို ကိုယ်သွားချင်တဲ့ အနီးအနားရွာတွေကို သွားလို့ရတယ်။ ဟိုတနေ့ကဆို အရင်က ကျမစာသင်ခဲ့တဲ့ တပည့်တွေရဲ့ရွာကို အလှူသွားရမှာ။ အသွားအပြန်ဓာတ်ဆီက နှစ်ဗူးကုန်မှာ။ သုံးသောင်းကုန်မှာ ဆိုတော့ မသွားနိုင်တော့ဘူး” လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အခြေပြုကျောင်း ဆရာမ တစ်ဦးကပြောပါတယ်။
အဆိုပါဆရာမဟာ စာသင်တဲ့လခအဖြစ် တစ်လကို တစ်သိန်းကျပ်ရရှိပြီး သူ့ရဲ့လစာဟာ ဓာတ်ဆီနှစ်ဂါလံဖိုးနဲ့ ညီမျှနေတာပါ။
“ဓာတ်ဆီက တစ်သောင်းခွဲထိ စျေးတက်မှာလို့ သတင်းတွေထွက်နေတယ်။ ဓာတ်ဆီရောင်းသမားတွေကလည်း စျေးတက်တက်နေတော့ မကိုက်တော့ဘူး။ စျေးကတက်တော့ ရောင်းစျေးအတိုင်း ပြန်ဝယ်ရသလိုဖြစ်နေတယ်။ ဒီတော့ ရှိတဲ့ဓာတ်ဆီကို သိမ်းထားကြတာမျိုး ဖြစ်လာတယ်” လို့ ထီးလင်းဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။
နွေရာသီဟာ ဘာသာရေးနဲ့ပတ်သက်တဲ့ ပွဲတော်တွေ၊ အလှူတွေအများဆုံးကျင်းပကြတဲ့ကာလဖြစ်ပါတယ်။လက်ရှိဓာတ်ဆီစျေးအတိုင်းဆိုရင် ယောဒေသပြည်သူတွေအနေနဲ့ ဆိုင်ကယ်နဲ့သွားလာဖို့ ခက်ခဲနေပြီး လူမူရေးနဲ့ပတ်သက်ပြီး တာဝန်မကျေတဲ့ စိတ်ခံစားမှုတွေ ခံစားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Photo CJ.






