စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆည်အင်းရွာစစ်ရှောင်စခန်း ဒီကနေ့ ဧပြီလ ၆ရက်မနက်ပိုင်းအချိန်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး ဘုန်းကြီး၁ ပါး၊ အမျိုးသမီး ၁ဦးသေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
“စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရတာ။ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်။ အခုအတည်ပြုလို့ရတာကတော့ ဘုန်းကြီးတပါးနဲ့ စစ်ဘေးရှောင်အမျိုးသမီးတဦးကတော့ သေဆုံးသွားတယ်” လို့ ရွှေဘိုမြို့နယ် ကယ်ဆယ်ရေးလုပ်နေတဲ့သူတွေက ပြောပါတယ်။
စစ်ရှောင်စခန်းမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်အချို့ ထိခိုက်ဒဏ်ရာရရှိတာတွေရှိခဲ့သေးတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆည်အင်းရွာကို စစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ် ။
စစ်ကော်မရှင်တပ်ဟာ တန့်ဆည် ၊ ခင်ဉီး ၊ ရေဉီး ၊ ဒီပဲယင်းမြို့နယ်နဲ့ ရွှေဘိုမြို့နယ်အတွင်းက နေရာအချို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ခတ်စိပ်စိပ်လေကြောင်းတိုက်ခိုက်တာတွေရှိခဲ့သေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်တပ်ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းက ပင်လည်ဘူး ၊ ဗန်းမောက် ၊ ထီးချိုင့် ၊ ကသာ စတဲ့မြို့နယ်တွေလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက လေကြောင်းတိုက်ခိုက်တာတွေရှိခဲ့သေးတယ်လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ ပုလဲ ၊ ယင်းမာပင် ၊ ဗန်းမောက် ၊ ကသာနဲ့ ထီးချိုင့်မြို့နယ်တွေမှာ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေအကြား နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။






