Home > ဆောင်းပါး > ချင်းတောင်ခြေမှာ စီးခဲ့တဲ့ သွေးတွေ

မောင်ချမ်းမြ
(မျက်မှောက်ခေတ် အမှတ်ရချက် ဆောင်းပါး)

ကလေးမြို့သည် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်နယ်စပ်၊ ချင်းတောင်ခြေရင်းမှာ တည်ရှိသည်။ ဗမာရော၊ ချင်းလူမျိုးတို့ရော အတူယှဥ်တွဲနေထိုင်ကြသည့် မြို့ကလေးဖြစ်သည်။ လက်ရှိအချိန်တွင် ကလေးမြို့ အနောက်ပိုင်း ချင်းလူမျိုးအများစုနေထိုင်ကြသည့် တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာ စစ်တပ်က ကာကင်းထားပြီး စစ်ဆေးမှုတွေ ၊ဖမ်းဆီးမှုတွေလည်း ပြုလုပ်နေကြောင်း သိရသည်။

လွန်ခဲ့သည့် ငါးနှစ်။ ၂၀၂၁ ခုနှစ်၏ နှစ်ဦးပိုင်းများတွင်တော့ လက်ရှိစစ်တပ်က ကာကင်းချထားသော နေရာတွင် စစ်အာဏာရှင်ကို ဆန့်ကျင်သော ကလေးမြို့လူငယ်တွေ စုဝေးအခြေစိုက်ရာ နေရာဖြစ်ခဲ့သည်။ ကလေးမြို့၏ စစ်အာဏာရှင်ဆန့်ကျင်ရေး အော်ဟစ်သံ၊ အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်တို့၏ စုစည်းရာဖြစ်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့။ နေ့လယ်နှစ်နာရီဝန်းကျင်မှာ တာဟန်းဘက်မှာ ပစ်ခတ်သံတွေကြားရသည်။ တာဟန်းသပိတ်ခံတပ်ကို ပစ်နေပြီ။ စစ်ကားတွေ မြို့အရှေ့မှ အနောက်သို့ တဝီဝီသွားကြသည်။ တာယာတွေယူခဲ့ကြဟေ့။ ကလေးတွေရော၊ အဖိုးကြီး၊ အဖွားကြီးတွေပါ မကျန် ကားတာယာဟောင်း၊ ဆိုင်ကယ်တာယာဟောင်းတွေ သယ်ပြီး လမ်းပေါ်ထွက်လာကြသည်။ ကားလမ်းပေါ်မှာ တာယာတွေမီးရှိူ့ပြီး စစ်ကားတွေကို ရပ်ကွက်တိုင်းက တားကြသည်။

လူထောင်ဂဏန်းစုဝေးနေသော သပိတ်လူငယ်တွေထဲမှ မအားခူကို စစ်တပ်က လက်ဖြောင့်တပ်သားတစ်ဦးက ရွေးချယ်ပစ်ခတ်ခဲ့သည်။ အသက် (၃၇) နှစ်အရွယ် မအားခူသည် အမျိုးသမီးရေးရာ တက်ကြွလှုပ်ရှားသူ၊ Women for Justice အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ မအားခူ နေရာတင်ကျဆုံးခဲ့ရသည်။

ထို့နောက် စစ်တပ်က လူအုပ်ကို သေနတ်တွေနဲ့ ပစ်ချသည်။ အသက် ၂၀ အရွယ် မောင်ဆန်းသဲရာ၊ အသက် ၂၁ နှစ်အရွယ် မောင်ရှိုင်းထက်အောင် (ခ) သားချစ်၊ အသက် ၂၇ နှစ်အရွယ် ကိုထောင်ဟောင်းလျန်နှင့် အသက် ၃၆ နှစ်အရွယ် ကိုမင်းညိုတို့ ကျဆုံးခဲ့ရသည်။

မတ်လ ၂၈ ရက်နေ့။ တနင်္ဂနွေနေ့။.ချင်းတောင်ခြေမြို့ကလေးက တာဟန်းရပ်ကွက် ပေတရာလမ်းပေါ် လူငယ်တွေရဲ့ သွေးတွေစွန်းခဲ့ရသည်။

“ကိုသားချစ်ဂူသွင်းခါနီးတော့ မေ့မျောမတတ်ငိုတာဗျာ ကောင်မလေး။ သူ့ဇနီးလို့ သိရတယ်။ ကိုယ်ဝန်ရှိခါစလို့လည်း ကြားခဲ့ရတယ်။ အခုတော့ ဘယ်လိုတွေ နေထိုင်ကြလည်း ကျနော်လည်းမသိတော့ဘူး” လို့ ကိုသားချစ်ခေါ် ကိုရှိုင်းထက်အောင်၏ ဇာပနာကို တက်ရောက်ခဲ့ပြီး တော်လှန်နယ်မြေကို ရောက်ရှိနေသူတစ်ဦးက ပြန်ပြောင်းပြောသည်။

တာဟန်းသပိတ်ခံတပ် ကျဆုံးခဲ့ရသည့် သပိတ်လူငယ် ငါးဦးကို အမြဲအမှတ်ရနေကြောင်း မတ်လ ၂၈ ရက်နေ့က ကလေးမြို့ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။

“တော်လှန်ရေးမှာ စာမျက်နှာတစ်ခုအဖြစ်ထင်ကျန်နေဆဲဖြစ်တယ်။ သမိုင်းတစ်ခုအဖြစ်တင်ကျန်နေဆဲဖြစ်တယ်။ အဲ့ဒီသမိုင်းကို ကျနော်တို့ ကလေးဒေသ ပြည်သူတစ်ရပ်လုံးအနေနဲ့ မမေ့၊ မလျော့၊ မခွင့်လွတ်ဘဲနဲ့စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့အတွက် ကြိုးစားကြပါစို့” လို့ ကလေးသပိတ် ကော်မတီ အဖွဲ့ဝင် ကိုဗိုက်ပူက ပြောသည်။

မတ်လ ၂၈ ရက်နေ့၊ တာဟန်းသပိတ်တွင် ကျဆုံးခဲ့သည့် ချင်းလူငယ်တစ်ဦး၏ ဇာပနမှာ လူငယ်တွေ အများကြီးလာကြသည်။ “ငါတို့ ဒီနေ့ မသေသေးဘူး။ မနက်ဖြန်ဆက်ထွက်မယ်။ မနက်ဖြန်မသေသေးရင် သဘက်ခါ ဆက်တော်လှန်မယ်” ချင်းလူငယ်တစ်စုက ကြွေးကြော်သည်။

တာဟန်းမှာ လူပြန်စုကြသည်။ သပိတ်ခံတပ်ကို ပြန်တည်ဆောက်ကြသည်။ တမြို့လုံးက ထမင်းထုပ်တွေ ၊ ဖျော်ရည်တွေ ပို့ကြသည်။ စစ်ကားတွေက တာဟန်းမရောက်ခင် စမ်းမြို့ဘုန်းတော်ကြီးကျောင်းမှာ နေရာယူထားသည်။ ပေတရာပေါ်မှာ ငါတို့သွေးတွေ မခြောက်သေးဘူး။ အရေးကြီးပြီ… ညီနောင်အပေါင်းတို့…။

၂၀၂၁ ခုနှစ်၊ ဧပြီ ၇ နေ့။ မနက် ၃ နာရီဝန်းကျင်။ RPG သံတွေ တမြို့လုံးဟိန်းသွားသည်။ တမြို့လုံးနိုးကုန်ပြီ။ တာဟန်းသပိတ်ခံတပ်ကို ထပ်မံဖြိုခွင်းပြီ။ ခံတပ်ဘက်ကလည်း တူမီးတွေနဲ့ ခံပစ်သတဲ့။ စစ်သားတွေထိလို့ စမ်းမြို့ဘုန်းကြီးကျောင်းထဲ သယ်သွားကြသတဲ့။ ပြည်သူတွေက စစ်သားတွေ ထိတာ၊ သေတာပဲ ကြားချင်သည်။ သို့သော် မြန်မာနိုင်ငံ၏ ပထမဦးဆုံး မြို့ပြတိုက်ပွဲ။ RPG နဲ့ တူမီး။ ဂတ်စ်ဂန်းနဲ့ စတင်းဂန်း၊ MA နဲ့ လောက်လေးဂွ။ တာဟန်းသပိတ်ခံတပ်မှ နောက်ထပ် ပြည်သူတွေ၊ လူငယ်တွေ ကျဆုံးခဲ့ရပြန်သည်။

ကလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုအာကာသူအောင်အပါအဝင် ကိုရန်လင်းထက်၊ ကိုငွန်လ်ရှမ်းပေါင်၊ ကိုလာရှန်းလျန်နာ၊ ကိုဗန်ထားထန်၊ ကိုနိုင်အောင်ရှိန် (ခ)အာကာ၊ ကိုသော်ဇင်၊ ကိုနိုင်လင်းဦး၊ ကိုထန်းဆန်းငါ၊ ဆလိုင်းလားဒင့်ထန်၊ ဆလိုင်းဗျက်လောင်ကြွမ်းနှင့် ဆလိုင်းယောဇေယျ (ခ) အီဇာကီအယ် တို့ ကျဆုံးခဲ့ရသည်။

“ငါးသားရေ.. မင့်ကို အဖေအလေးပြုတယ်ကွာ” တဲ့။ သပိတ်ခံတပ်ကျဆုံးလူငယ်တစ်ဦးကို ဂူသွင်းခါနီး အဖေဖြစ်သူ၏ ငိုသံပါနဲ့ ရင်ဘတ်ထဲက ပွင့်ထွက်လာသည့် အသံ။ ချင်းတောင်ခြေမှာ လွမ်းမောဖွယ် ဆွဲဆွဲငင်ငင်သီဆိုကြသည့် နာရေးအိမ်ကတေးသံတွေ လွှမ်းသွားခဲ့သည်။

“လာမယ့် ဧပရယ်ဆို သင်္ကြန်ရောက်တော့မယ်။ ကျနော်တို့ တာဟန်းက ရဲဘော်တွေရဲ့ သွေးဟာ သင်္ကြန်ရေနဲ့ဆေးလို့ မရပါဘူး” လို့ ကလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိအချိန် ချင်း၊ ဗမာ လူငယ်တွေ သွေးမြေကျခဲ့ရသည့် တာဟန်း ဗိုလ်ချုပ်လမ်းမပေါ်မှာ အာဏာသိမ်းစစ်တပ်က တပ်စွဲထားသည်။ ရဲဘော်တွေရဲ့သွေးတွေကို ခြေနဲ့နင်းနေသည်။ သို့သော် တော်လှန်ရေးသမိုင်းလမ်းမမှာ သွေးသည် မခြောက်။ မပျက်ပြယ်ပါ။ စစ်အာဏာရှင်စနစ်ကျဆုံးမှ ချင်းတောင်ခြေ ပေတရာက သွေးတွေအတွက် တာဝန်ကျေပွန်ကြမည်ဖြစ်သည်။

“ကမ္ဘာမကျေ….ဘူး”

error: Content is protected !!