Home > သတင်း > စစ်ရေး > ယင်းမာပင်မြို့အနီးက ရွာ ၂ ရွာကို စစ်ကော်မရှင်တပ် မီးရှို့ဖျက်ဆီး

ယင်းမာပင်မြို့အနီးက ရွာ ၂ ရွာကို စစ်ကော်မရှင်တပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့အနီးက မြို့ပေါ်ရွာနဲ့ပြောင်းပြာရွာကို စစ်ကော်မရှင်တပ်က မတ်လ ၂၅ ရက် ဒီကနေ့ နံနက်ပိုင်းမှာ လူနေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ လက်နက်ကြီးတွေအများအပြား ပစ်ခတ်ခဲ့ပြီးနောက် မြို့ပေါ်ရွာနဲ့ပြောင်းပြာရွာထဲကို အင်အားရာချီအသုံးပြုကာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာလို့ဆိုပါတယ်။
“တိုက်ပွဲဖြစ်တာမရှိဘူး။ အရင်ဆုံးလက်နက်ကြီးတွေနဲ့ရွာထဲကို ပစ်တယ်။ ပြီးမှ ခြေလျင်စစ်ကြောင်းထိုးပြီးရွာတွေကိုဝင်တယ်။ နေအိမ်တွေ မီးရှို့တော့တာပဲ “လို့ ယင်းမာပင်မြို့နယ်ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ပြောင်းပြာရွာ – လက်လှုပ်ရွာ – စားတောပြင်ရွာအနီးမှာ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်တွေအကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပုလဲမြို့နယ်နဲ့ယင်းမာပင်မြို့နယ်တွေမှာ စစ်ကော်မရှင်တပ်က အင်အားရာချီအသုံးပြုပြီး စစ်ကြောင်းပတ်ထိုးနေတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မုံသွင်ရွာကိုလည်း စစ်ကော်မရှင်တပ်က မတ်လ ၂၃ ရက်နေ့ နံနက် အစောပိုင်းအချိန်က ဒရုန်းနဲ့ မီးလောင်ဗုံးချတိုက်ခိုက်သွားတယ်လို့ ဒေသခံကပြောပါတယ်။
ရုပ်သံအညွှန်း – မြို့ပေါ် ပြောင်းပြာရွာကို စစ်ကော်မရှင်တပ် မီးရှို့နေမှု မြင်ကွင်း။

error: Content is protected !!