စစ်ကိုင်းတိုင်းမှာ စက်သုံးဆီ တဂါလံ ငွေကျပ် ၄ သောင်းနှုန်းပေါက်ဈေးရှိပြီး တောင်သူတွေ ဝယ်မရလို့ အခက်အခဲဖြစ်နေတယ်လို့ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၂ခုမှာရှိတဲ့ တောင်သူတွေက မျက်မှောက်ခေတ်ကိုပြောပါတယ်
“ဓာတ်ဆီအတွက်က ဆိုင်ကယ်နဲ့တိုးလို့ရတယ်ထားဦး။ ရေစုတ်စက်တို့၊ ထွန်စက်တို့ သုံးဖို့ ဒီဇယ်ကို ဘယ်လို ၀ယ်ရမလဲ။ အခု ပုံးနဲ့သွား၀ယ်ရင် မရောင်းကြဘူး။ ရေစုတ်စက်ကြီး ဆိုင်ကယ်ပေါ်တင်ပြီး သွား၀ယ်ရမလိုပဲ။ တဆင့်ပြန်၀ယ်တော့ တစ်ဂါလံကို လေးသောင်းလောက်ပေးရတယ်၊အဆင်မပြေဘူး”လို့ မုံရွာမြို့နယ်ဒေသခံ တောင်သူတဦးက ပြောပါတယ်။
လက်ရှိ အရှေ့အလယ်ပိုင်းမှာဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခမဖြစ်ပွားခင်ကာလမှာ စက်သုံးဆီဈေးနှုန်း တဂါလံကို ၁၂၀၀၀ နဲ့ ၂၀၀၀၀ ကြားရှိတယ်လို့ ဆိုပါတယ်
လက်ရှိအချိန်မှာ လယ်ယာလုပ်ငန်းခွင်အများစု ရပ်နားနေပေမယ့် ရေအမြဲပေးနေရတဲ့ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းတွေရှိသလို ငှက်ပျောခြံနဲ့ မိုးကြိုနှမ်း စိုက်ခင်းတွေ စိုက်ပျိုးနိုင်ဖို့အတွက် စက်သုံးဆီ လိုအပ်မှုရှိနေတာဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။
“ခရမ်းတို့၊ ငရုပ်တို့က ရေအမြဲပေးရတာလေပြီးတော့ ငှက်ပျောကလည်း ရေပေးရတာပဲ။၀ယ်ရခက်တာပေါ့၊အရင်ကဆို ဘယ်နှဂါလံလိုချင်တုန်း ၀ယ်လို့ရတယ်၊အခုက အပြင်က၀ယ်သုံးရတာ၊ ရေမပေးရင်ရင်လည်း အခင်းကဆုံးမှာ၊ဆုတ်လည်စူးစားလည်းရူး ဆိုသလိုပဲ၊ ဒီကရှေ့ မိုးကြိုနှမ်း လာတော့မှာ ထွန်ရေးပြင်ဖို့ ဆီ၀ယ်ရခက်တာနဲ့ မလွယ်ဘူး” လို့ ဘုတင်မြို့နယ် ဒေသခံတောင်သူတဦးက ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ စက်သုံးဆီ စီမံခန့်ခွဲမှုနဲ့ထိန်းချုပ်ကန့်သန့်မှုဟာ တောင်သူတွေအတွက် ထည့်သွင်း တွက်ချက်မှု မရှိတာကြောင့် လယ်ယာလုပ်ငန်းခွင်မှာ အသုံးပြုဖို့အတွက် စက်သုံးဆီ၀ယ်ယူရေးမှာ အခက်အခဲတွေ ရှိနေတာဖြစ်တယ်လို့ မုံရွာခရိုင်ဒေသခံတောင်သူတွေက ပြောပါတယ်။
“ဒီလိုမျိုး စက်သုံးဆီ ခက်ခဲလာရင် တောင်သူတွေက ကိုယ်စားဖို့လောက်ပဲ ကိုယ့်ဘာသာ စိုက်ကြတော့မှာ ၊မိသားစု စာဖို့လောက် ရရင် ရှုံးလည်း ရှုံးဆိုးတာမျိုး စိုက်မှာ ၊ တခြားအရှုံးခံပြီး စိုက်မှာမဟုတ်တော့ဘူး” လို့ ဘုတလင် ဒေခံတောင်သူတဦးက ပြောပါတယ်။
တောင်သူလုပ်ငန်းခွင်မှာ အများဆုံးအသုံးပြုရတဲ့ နွားစာစင်းစက်၊ခြွေလှေ့စက်နဲ့ ရေစုတ်စက်တွေကို ဒီဇယ်ဆီ အသုံးပြုကြရတာဖြစ်တယ်လို့ တောင်သူတွေကပြောပါတယ်။
စစ်ကော်မရှင်က အရှေ့အလယ်ပိုင်းမှာဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီ သယ်ယူရေး အကြပ်အတည်းဖြစ်ပေါ်နေတဲ့အတွက် ပြည်တွင်းမှာ စက်သုံးဆီချွေတာရေးနဲ့ဖူလုံရေးရှိဖို့ ဆိုပြီး စက်သုံးဆီ ၀ယ်ယူခွင့်နဲ့အသုံးပြုခွင့်ကို စုံ၊မစနစ်နဲ့ ကန့်သတ်ထားတာ ဖြစ်ပါတယ်။
ပုံစာ – စစ်ကိုင်းတိုင်းထဲ တောင်သူတွေရဲ့လယ်ယာလုပ်ငန်းခွင်။ (Photo -MMK)






