Home > သတင်း > တရားဉပဒေစိုးမိုးရေး > ယောဒေသ၊ ဂန့်ဂေါခရိုင်မှာ လက်နက်နဲ့ ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာအသိပေးချက် ထုတ်ပြန်

ယောဒေသ၊ ဂန့်ဂေါခရိုင်မှာ လက်နက်နဲ့ ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာအသိပေးချက် ထုတ်ပြန်

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါခရိုင်မှာ လက်နက်နဲ့ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာ အသိပေးချက်တစ်ခုကို မတ် ၁၀ ရက်နေ့မှာ ဂန့်ဂေါခရိုင်စစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ခဲ့ပါတယ်။

ယောဒေသ၊ ဂန့်ဂေါခရိုင်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် မဟုတ်ဘဲ မည်သူမျှ လက်နက်ခဲယမ်းကိုင်ဆောင်ခြင်း ၊ အသုံးပြုခြင်းမပြုလုပ်ကြဖို့ ဂန့်ဂေါခရိုင် စစ်ဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လက်နက်ကိုင်ဆောင်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ကျေးရွာတွေဝန်းကျင်နှင့် တပ်စခန်းအနီးဝန်းကျင်တွေမှာ မလိုအပ်ဘဲ လက်နက်ပစ်ဖောက်တာ၊ ဖောက်ခွဲတာ မပြုလုပ်ကြဖို့ ထုတ်ပြန်တားမြစ်ထားပါတယ်။ လက်နက်စမ်းသပ်မယ်ဆိုပါက နီးစပ်ရာကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့ထံ ကြိုတင်အကြောင်းကြားကြဖို့ ထုတ်ပြန်အသိပေးထားပါတယ်။

ဂန့်ဂေါခရိုင်အတွင်း တော်လှန်ရေး စိုးမိုးနယ်မြေတွေမှာ အချိန်မတော် စည်းမဲ့၊ ကမ်းမဲ့ သေနတ်ပစ်ဖောက်တာ၊ အသံမိုင်း ဖောက်ခွဲတာတွေ မကြာခဏ ဖြစ်ပေါ်နေတဲ့အတွက် ခုလိုထုတ်ပြန်ရတာလို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ဂန့်ဂေါခရိုင်အတွင်း အချို့ကျေးရွာတွေအနီးဝန်းကျင်မှာလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအပါအဝင် အချို့ပုဂ္ဂိုလ်တွေက လက်နက်ပစ်ခတ်စမ်းသပ်မှုတွေပြုလုပ်လေ့ရှိခဲ့ ကြပြီး အကျိုးအကြောင်းမသိရတဲ့အတွက် ထိတ်လန့်ရတာမျိုးတွေရှိတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“အရင်က ရွာနားတွေမှာ သေနတ်စမ်းတယ်ဆိုပြီး ပစ်ဖောက်တဲ့ ဖြစ်စဥ်တွေရှိပါတယ်။ ကြိုအသိပေးတာမျိုးရှိသလို ဘာမှန်း မသိလိုက်ရတာမျိုးလည်းရှိပါတယ်။ ညအချိန်မတော်တွေမှာ ကြားရရင် ပိုဆိုးပါတယ်။ခုလိုတားမြစ်တာကောင်းပါတယ်။ ထုတ်ပြန်ချက်ထဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်မဟုတ်ရင်လက်နက်မကိုင်ဆောင်ရဆိုတာပါတဲ့အတွက် လက်နက်ပွဲစားတွေကိုလည်း ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ယောဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖော်ဖော်ဝါရီ ၂၂ ရက်နေ့ ည ၁၁ နာရီကျော်မှာ ဂန့်ဂေါမြို့နယ်၊ သာကောင်းကျေးရွာဝန်းကျင်မှာ မြတ်သူဦးဆောင်တဲ့ YDF တပ်ဖွဲ့ဝင်တွေက သေနတ်တွေပစ်ဖောက်ပြီး၊ အသံမိုင်းတွေပစ်ခွဲခဲ့တာကြောင့် ကျေးရွာက ပြည်သူတွေ ထိတ်လန့်မှု၊ ရုတ်ရက်ထွက်ပြေးမှုတွေ ဖြစ်ပေါ်ခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေနဲ့ မီဒီယာဖော်ပြချက်တွေအရ သိရပါတယ်။

” ကျမတို့က စိုးရိမ်စိတ်နဲ့ နေနေကြရတာ။ လက်နက်နဲ့ပတ်သက်ပြီး တာဝန်ရှိသူအားလုံးက ထိန်းထိန်းသိမ်းသိမ်းလုပ်ကြမယ်ဆို ကျမတို့ လုံခြုံမှုကို ခံစားရမှာပါ။ ထိတ်လန့်မှုတွေကိုလည်း မခံစားသင့်ဘဲ မခံစားချင်တော့” ဘူးလို့ ဂန့်ဂေါမြို့နယ်ဒေသခံ ကလေးမိခင်တစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်က အန္တရာယ်ပြုချိန်မှလွဲပြီး ကျန်အချိန်တွေမှာ ပြည်သူတွေရဲ့လုံခြုံရေးနှင့် နယ်မြေလုံခြုံရေးတို့အတွက် လက်နက်နဲ့ပတ်သက်တဲ့ လုံခြုံရေးဆိုင်ရာ တားမြစ်ချက်တွေကို အသိပေးထုတ်ပြန်ရတာဖြစ်ပြီး မလိုက်နာပါက ဂန့်ဂေါခရိုင် စစ်ဌာနက ထိရောက်စွာအရေးယူဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားပါတယ်။

error: Content is protected !!