Home > သတင်း > ကျန်းမာရေး > အာဆင်းနစ် (Arsenic) အဆိပ်သင့်မှုနှင့် စပ်လျဉ်း၍ (ဖေဖော်ဝါရီလ၊ ၂၀၂၆ ခုနှစ်)

အာဆင်းနစ် (Arsenic) အဆိပ်သင့်မှုနှင့် စပ်လျဉ်း၍ (ဖေဖော်ဝါရီလ၊ ၂၀၂၆ ခုနှစ်)

အာဆင်းနစ် (Arsenic) အဆိပ်သင့်မှုနှင့် စပ်လျဉ်း၍ (ဖေဖော်ဝါရီလ၊ ၂၀၂၆ ခုနှစ်)

⚠️ အဓိကအချက်များ

♦️ Arsenic သည် နိုင်ငံအများအပြား၏ မြေအောက်ရေတွင် သဘာဝအတိုင်း ပမာဏများစွာ ရှိနေတတ်သည်။
♦️ Arsenic ပါဝင်မှု များသော မသန့်ရှင်းသောရေကို သောက်သုံးခြင်း၊ အစားအစာပြင်ဆင်ခြင်း နှင့် သီးနှံများစိုက်ပျိုးခြင်းများအတွက် အသုံးပြုသည့်အခါ ပြည်သူ့ကျန်းမာရေးကို အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်စေနိုင်ပါသည်။
♦️ သောက်ရေနှင့် အစားအစာများမှတစ်ဆင့် Arsenic ကို ကြာရှည်စွာ စားသုံးမိခြင်းသည် ကင်ဆာနှင့် အရေပြားရောဂါများကို ဖြစ်စေနိုင်သည်။ နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် ဆီးချိုရောဂါတို့လည်း ဖြစ်နိုင်ပါသည်။ သန္ဓေသားဘဝနှင့် ကလေးငယ်များတွင် ထိတွေ့မှုသည် မှတ်ဉာဏ်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သော ဆိုးကျိုးများ ဖြစ်စေပြီး အရွယ်ရောက်ပြီး လူငယ်များတွင်လည်း သေဆုံးမှုကို မြင့်တက်စေနိုင်ပါသည်။
♦️ ဘေးကင်းသော ရေကောင်းရေသန့် ရရှိနိုင်အောင် ဆောင်ရွက်ပေးခြင်းဖြင့် Arsenic ဓာတ်နှင့် ထပ်မံထိတွေ့မှုကို တားဆီးကာကွယ်ခြင်းသည် လက်ရှိထိခိုက်ခံစားရသည့် ပြည်သူလူထုအတွက် အရေးကြီးဆုံးလုပ်ဆောင်ချက်ဖြစ်ပါသည်။

⚠️ ထိတွေ့ရနိုင်သော ရင်းမြစ်များ

💧 သောက်သုံးရေနှင့် အစားအစာ

ပြည်သူ့ကျန်းမာရေးအတွက် Arsenic ထိတွေ့မှု အန္တရာယ်အများဆုံးမှာ Arsenic ဓာတ် ပါဝင်သော မြေအောက်ရေမှ ဖြစ်ပါသည်။ အစားအစာအနေဖြင့် ငါး၊ ကမာ/ဂုံးကဲ့သို့သော အခွံမာ ပင်လယ်စာများ၊ အသား၊ နို့နှင့် နို့ထွက်ပစ္စည်းများ အပြင် ကောက်ပဲသီးနှံများတွင်လည်း Arsenic ပါဝင်နိုင်ပါသည်။ သို့သော် အဆိုပါအစားအစာများမှ ထိတွေ့ရရှိမှုသည် Arsenic ပါဝင်သော မြေအောက်ရေမှ ထိတွေ့ရရှိမှုထက် များစွာ နည်းပါးလေ့ရှိပါသည်။ ပင်လယ်စာများတွင် တွေ့ရှိရသော Arsenic မှာ အများအားဖြင့် အဆိပ်သက်ရောက်မှု နည်းသော organic form အမျိုးအစား ဖြစ်ပါသည်။

🏭 စက်မှုလုပ်ငန်းများ

Arsenic ကို စက်မှုလုပ်ငန်းများတွင် သတ္တုအလွှာ ရောစပ်ပစ္စည်းအဖြစ် အသုံးပြုသည်သာမက ဖန်ထည်ထုတ်လုပ်ခြင်း၊ ဆေးရောင်စပ်ပစ္စည်းများ၊ အထည်အလိပ်၊ စက္ကူထုတ်လုပ်ခြင်းနှင့် ကျည်ဆန်ထုတ်လုပ်ခြင်းတို့တွင်လည်း အသုံးပြုကြသည်။ ထို့ပြင် ပိုးသတ်ဆေးများ၊ တိရစ္ဆာန်အစာများနှင့် ဆေးဝါးအချို့တွင်လည်း ပမာဏ အနည်းငယ်ခန့် ပါဝင်တတ်ပါသည်။

🚭 ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးခြင်း

ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲသူများသည် ဆေးရွက်ကြီးတွင် သဘာဝအတိုင်း ပါဝင်နိုင်သော Inorganic Arsenic ကြောင့် Arsenic အဆိပ်သင့်နိုင်ပါသည်။ ဆေးရွက်ကြီးပင်များသည် မြေကြီးထဲရှိ သဘာဝအတိုင်း ရှိနေသော Arsenic ဓာတ်ကို စုပ်ယူနိုင်ပါသည်။

⚠️ ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ

Inorganic arsenic သည် ကင်ဆာဖြစ်စေကြောင်း အတည်ပြုပြီးသား (confirmed carcinogen) ဖြစ်သည့် အပြင် ကမ္ဘာတစ်ဝှမ်းလုံး၌ သောက်သုံးရေထဲတွင် တွေ့ရှိရသော အရေးကြီးဆုံး ဓာတုညစ်ညမ်းပစ္စည်းများအနက်မှ တစ်ခုလည်း ဖြစ်ပါသည်။ Arsenic သည် organic form နှင့် inorganic form ဟူ၍ ပုံစံနှစ်မျိုး ရှိနိုင်ပါသည်။ ရေတွင် တွေ့ရသော inorganic arsenic သည် အဆိပ်သက်ရောက်မှု မြင့်မားပြီး အလွန်အန္တရာယ်ရှိပါသည်။ ပင်လယ်စာများတွင် တွေ့ရသော organic arsenic သည် အဆိပ်သက်ရောက်မှု နည်းပါးပြီး ကျန်းမာရေးအပေါ် ထိခိုက်မှု နည်းပါသည်။

🔴 ချက်ချင်း/ အရေးပေါ် ကျန်းမာရေးသက်ရောက်မှုများ

Arsenic ရုတ်တရက်အဆိပ်သင့်မှုကြောင့် ဖြစ်ပေါ်သော အရေးပေါ်လက္ခဏာများမှာ အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်သည်။ ထို့အပြင် လက်နှင့် ခြေထောက်များတွင် ထုံကျဉ်၊ နာကျဉ်ခြင်းများ ခံစားရခြင်း၊ ကြွက်တက်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး အလွန်ပြင်းထန်သော အခြေအနေများတွင် သေဆုံးသည်ထိ ဖြစ်နိုင်ပါသည်။

🔴 ရေရှည်ထိတွေ့မှု၏ ကျန်းမာရေးသက်ရောက်မှုများ

Arsenic ၏ inorganic form ကို အချိန်ကြာမြင့်စွာ ပမာဏများများ (ဥပမာ – သောက်သုံးရေနှင့် အစားအစာမှတစ်ဆင့်) ထိတွေ့မိပါက ပထမဦးဆုံး တွေ့ရမည့် လက္ခဏာများမှာ အရေပြားပေါ်တွင် ဖြစ်ပေါ်လာလေ့ရှိပြီး အရေပြားအရောင် ပြောင်းလဲခြင်း၊ အရေပြား ကွဲခြင်း၊ လက်ဖဝါးနှင့် ခြေဖဝါးတွင် အရေပြား ထူကြမ်းလာခြင်းတို့ကို တွေ့ရတတ်ပါသည်။ ဤလက္ခဏာများသည် အနည်းဆုံး ၅ နှစ်ခန့် ဆက်တိုက်ထိတွေ့မှု ရှိပြီးမှ ပေါ်ပေါက်လာလေ့ရှိပြီး အရေပြားကင်ဆာ ဖြစ်ပေါ်နိုင်သည့် အစပျိုးလက္ခဏာများလည်း ဖြစ်နိုင်ပါသည်။

အရေပြားကင်ဆာအပြင် ဆီးအိမ်ကင်ဆာ နှင့် အဆုတ်ကင်ဆာ ကိုလည်း ဖြစ်စေနိုင်ပါသည်။ International Agency for Research on Cancer (IARC) အဖွဲ့သည် Arsenic နှင့် Arsenic ပါဝင်သော ဓာတုပစ္စည်းများကို လူသားများတွင် ကင်ဆာဖြစ်စေနိုင်သော ပစ္စည်းအဖြစ် သတ်မှတ်ထားပါသည်။ ထို့ပြင် သောက်သုံးရေထဲရှိ Arsenic ကိုလည်း လူသားများတွင် ကင်ဆာဖြစ်စေနိုင်ကြောင်း အတည်ပြုထားပါသည်။

Inorganic arsenic ကို ရေရှည် စားသုံးမှုကြောင့် ကလေးငယ်များတွင် ဖွံ့ဖြိုးတိုးတက်မှု ထိခိုက်ခြင်း ဖြစ်စေနိုင်သည့် အပြင် ဆီးချိုရောဂါ၊ အဆုတ်ရောဂါများ၊ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများကိုလည်း ဖြစ်စေနိုင်ပါသည်။ အထူးသဖြင့် Arsenic ကြောင့် ဖြစ်သော နှလုံးကြွက်သား သေဆုံးခြင်းသည် သေဆုံးမှုများကို တိုးမြှင့်စေနိုင်သော အဓိကအကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါသည်။

Arsenic ထိတွေ့မှုသည် ကိုယ်ဝန်ဆောင်ရလဒ်မကောင်းခြင်းနှင့် မွေးကင်းစကလေး သေဆုံးမှုတို့နှင့် ဆက်စပ်နေပါသည်။ သန္ဓေသားဘဝ သို့မဟုတ် ကလေးငယ် ဘဝအစောပိုင်းတွင် Arsenic ထိတွေ့ခဲ့ပါက လူငယ်အရွယ်တွင် ကင်ဆာရောဂါအမျိုးမျိုး၊ အဆုတ်ရောဂါ၊ နှလုံးဖောက်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းကြောင့် သေဆုံးမှုနှုန်း မြင့်တက်နိုင်ကြောင်း တွေ့ရှိထားပါသည်။ ထို့ပြင် လေ့လာမှုများစွာတွင် Arsenic ထိတွေ့မှုသည် အသိစိတ်ဖွံ့ဖြိုးမှု၊ ဉာဏ်ရည်နှင့် မှတ်ဉာဏ်စွမ်းရည်တို့အပေါ် ဆိုးကျိုးဖြစ်စေနိုင်ကြောင်း ပြသထားပါသည်။

⚠️ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများ

Arsenic အဆိပ်သင့်မှု ဖြစ်ပွားနေသော လူထုများတွင် အရေးအကြီးဆုံး လုပ်ဆောင်ရမည့်အချက်မှာ သောက်သုံးရန်၊ အစားအစာ ပြင်ဆင်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုသော ရေကို ဘေးကင်းသော ရေအရင်းအမြစ်ဖြင့် အစားထိုးပံ့ပိုးပေးခြင်းအားဖြင့် Arsenic ထပ်မံထိတွေ့မှု မဖြစ်စေရန် ကာကွယ်ခြင်း ဖြစ်ပါသည်။ သောက်သုံးရေတွင် Arsenic ပမာဏ လျှော့ချနိုင်ရန် နည်းလမ်းအမျိုးမျိုး ရှိပါသည်။

💧 မြေအောက်ရေကဲ့သို့ Arsenic ပမာဏများစွာ ပါဝင်သည့် ရေအရင်းအမြစ်အစား မိုးရေ သို့မဟုတ် သန့်စင်ထားသော မြေပေါ်ရေ (Treated surface water) (ဥပမာ – ကန်ရေ) ကဲ့သို့ Arsenic နည်းပြီး ပိုးမွှားအန္တရာယ်ကင်းသော ရေအရင်းအမြစ်များဖြင့် အစားထိုးအသုံးပြုနိုင်ပါသည်။ Arsenic နည်းသော ရေကို သောက်သုံးရန်၊ ဟင်းချက်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုပြီး Arsenic များသော ရေကို ရေချိုးခြင်း၊ အဝတ်လျှော်ခြင်းကဲ့သို့ စားသောက်ခြင်းနှင့် မသက်ဆိုင်သည့် လုပ်ငန်းများအတွက်သာ အသုံးပြုသင့်ပါသည်။
💧 ရေတွင် ပါဝင်သော Arsenic ပမာဏကို စမ်းသပ်စစ်ဆေးပြီး ရေတွင်း သို့မဟုတ် ရေတုံကင်များကို Arsenic ပမာဏ အနည်းအများ အလိုက် အရောင်ခွဲခြား ဆေးသုတ်ထားပြီး သတ်မှတ်နိုင်ပါသည်။ ဤနည်းလမ်းသည် ကျန်းမာရေးပညာပေးလုပ်ငန်းများနှင့် တွဲဖက်ဆောင်ရွက်ပါက ကုန်ကျစရိတ်နည်းပြီး လျင်မြန်ထိရောက်စွာ Arsenic ထိတွေ့မှုကို လျှော့ချနိုင်သော နည်းလမ်းတစ်ခု ဖြစ်ပါသည်။
💧 Arsenic နည်းသော ရေနှင့် Arsenic များသော ရေကို ရောနှောအသုံးပြုခြင်းအားဖြင့်လည်း Arsenic ပမာဏိကို အထိုက်အလျောက် လျှော့ချနိုင်ပါသည်။
💧 ရေပေးဝေရေးစနစ် သို့မဟုတ် အိမ်သုံးအဆင့်တွင် Arsenic ဖယ်ရှားစနစ်များကို တပ်ဆင်နိုင်ပါသည်။ ဖယ်ရှားလိုက်သော Arsenic ကိုလည်း သင့်လျော်စွာ စွန့်ပစ်ရန် လိုအပ်ပါသည်။ လက်ရှိတွင် အိမ်သုံးအဆင့်နှင့် တစ်ပိုင်တစ်နိုင် ရေအရင်းအမြစ်များအတွက် ထိရောက်ပြီး ကုန်ကျစရိတ်နည်းသော Arsenic ဖယ်ရှားနည်းများ ပိုမိုရရှိနိုင်ပြီ ဖြစ်သော်လည်း ရေရှည်ကာလများအတွက် စနစ်တကျ ဆက်လက်အသုံးပြုနိုင်မှုများမှာ မသေချာဆဲ ဖြစ်ပါသည်။

ရေရှည်လုပ်ဆောင်ချက်များအနေနှင့် စက်မှုလုပ်ငန်းများမှ ဖြစ်ပေါ်နိုင်သော Arsenic ထိတွေ့မှုကို လျှော့ချရန် လိုအပ်ပါသည်။

ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်စေနိုင်ရန်အတွက် ပညာပေးကဏ္ဍနှင့် လူထု၏ ပူးပေါင်းပါဝင်မှုသည် အဓိကအချက်များ ဖြစ်ပါသည်။ ရပ်ရွာလူထုအနေဖြင့် Arsenic ထိတွေ့မှု၏ အန္တရာယ်၊ အဆိပ်သင့်မှုများနှင့်၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ရေမှတစ်ဆင့် ကောက်ပဲသီးနှံများ (ဥပမာ ဆန်စပါး) ထဲသို့ Arsenic ဓာတ်များ ဝင်ရောက်နိုင်မှုနှင့် ဟင်းချက်ရာတွင် အသုံးပြုသော ရေမှတစ်ဆင့် အစားအစာထဲသို့ Arsenic အဆိပ်သင့်စေနိုင်မှု အစရှိသည့် Arsenic ထိတွေ့ရနိုင်သော ရင်းမြစ်များကို နားလည်သဘောပေါက်ရပါမည်။

Arsenic အဆိပ်သင့်မှု အန္တရာယ်ဖြစ်နိုင်ခြေများသော လူအုပ်စုများကို Arsenic အဆိပ်သင့်မှု၏ အစောပိုင်း လက္ခဏာများ၊ အထူးသဖြင့် အရေပြားဆိုင်ရာ ပြဿနာများကို စောင့်ကြည့်စစ်ဆေးသင့်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Source: World Health Organization

#nugmoh #arsenic #အာဆင်းနစ်

error: Content is protected !!