မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး အာဏာသိမ်းစစ်တပ်ထံ လက်နက်ယူဆောင်ကာ သွားရောက်ပူးပေါင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဂန့်ဂေါခရိုင် အမှတ် – ၁၄ တပ်ရင်းက ရဲဘော် ရန်ကုန်သားခေါ် ကျော်မင်းလှိုင် (ခ) အကြီးကောင်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့၊ ညနေပိုင်းမှာ ဂန့်ဂေါမြို့ ခ.လ.ရ (၅၀) တပ်ထဲကို လက်တနက်နှင့်အတူ ပူးပေါင်းသွားတာဖြစ်ကြောင်း ဒေသခံတော်လှန်ရေး သတင်းရင်းမြစ်က မျက်မှောက်ခေတ်ကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းသွားတဲ့ ရဲဘော်နှင့်ပတ်သက်ပြီး ဂန့်ဂေါခရိုင် အမှတ် (၁၄) တပ်ရင်းအနေနဲ့ လက်ရှိ သတင်းရေးသားနေချိန်ထိ တစ်စုံတစ်ရာထုတ်ပြန်ထားတာကို မတွေ့ရသေးပါ။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ ဇွန်လမှာ ဂန့်ဂေါမြို့နယ်၊ ရွာစည်ကျေးရွာက ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ဦးအောင်မျိုးဝင်းဟာလည်း မိသားစုနှင့်အတူ ဂန့်ဂေါမြို့ ခ.လ.ရ (၅၀) တပ်ထဲကို ဝင်ရောက်ပူးပေါင်းသွားခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလဆန်းပိုင်းကလည်း ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာက မိသားစုတစ်စုဟာ စက်လှေတစ်စီး၊ သမ္ဗာန်လှေနှစ်စီးကို ခိုးယူပြီး ရိက္ခာတွေတင်ဆောင်ကာ မြစ်သာမြစ်ကြောင်းအတိုင်း မြောက်ခင်ရန်းကျေးရွာဆီကို ထွက်ပြေးခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။






