Home > ဆောင်းပါး > ပညာရေးဝန်ထမ်းတွေကို ကာကွယ်မှု မပေးနိုင်တော့ဘူးလား

ပညာရေးဝန်ထမ်းတွေကို ကာကွယ်မှု မပေးနိုင်တော့ဘူးလား

ဟန်နီကို
( မျက်မှောက်ခေတ် ပညာရေး)
ဒီဇင်ဘာ ၁၆ ရက်နေ့တွင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က ပညာရေးတာဝန်ခံ ဆရာမကြီး ဒေါ်‌အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့ သတ်ဖြတ်ခံခဲ့ရသည်။ ဆရာမကြီးတို့ ဇနှီးမောင်နှံ သူတို့နေအိမ်တွင် အိပ်နေစဥ် လူတစ်စုက ဓားနဲ့ခုတ်ပြီး သတ်ဖြတ်သွားခြင်း ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာမကြီး ဒေါ်အေသီအောင်တို့ ဇနီးမောင်နှံသည် တော်လှန်ရေးနယ်မြေတွင် မိသားစုလိုက် အသတ်လိုက်ခံရသည့် ဒုတိမြောက်မိသားစု ဖြစ်လာပါသည်။
မိသားစုလိုက် ပထမဆုံး သတ်ဖြတ်ခံရသည့် ပညာရေးတာဝန်ခံမှာ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပညာရေးတာဝန်ခံ ဦးဝင်းဌေး၊ ဇနီးဖြစ်သူနှင့် လသားအရွယ်သမီးငယ်တို့ ဖြစ်ပါသည်။ လသားအရွယ် နို့စို့ သမီးလေးအပါအဝင် ဦးဝင်းဌေးတို့မိသားစုကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့ည မှာ လူတစ်စုက ဓားဖြင့်ပင် သတ်ဖြတ်သွားကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော ပုလောမြို့နယ် ပညာရေးတာဝန်ခံဆရာမကြီးတို့ ဇနီးမောင်နှံကို သတ်ဖြတ်သွားသည့် တရားခံတွေကို ဖမ်းဆီးရမိခြင်း မရှိသေးသလို ကနီမြို့နယ် ပညာရေးတာဝန်ခံ ဆရာတို့မိသားစုကို သတ်ဖြတ်သွားသူများကိုလည်း တစ်နှစ်ကျော်ကြာလာသည့်တိုင် ဖမ်းဆီးရမိခြင်း မရှိသေးပါ။
စာရေးသူတို့ လူ့အဖွဲ့အစည်းသည် ပညာကို အားပေးမှုနည်းသည့် လူ့အဖွဲ့အစည်းအဖြစ်မှ ပညာဖြန့်ဝေပေးသူတွေကို အန္တရာယ်ပြုလာသည့် လူ့အဖွဲ့အစည်း ဖြစ်လာပြီလားဟု စဥ်းစားစရာဖြစ်လာပါသည်။ ပညာကိုဖြန့်ဝေသူတွေကို အန္တပြုသည့် လူ့အဖွဲ့အစည်း၊ ပညာဖြန့်ဝေသူတွေကို အားမပေးသည့်အပြင် ဖိအားပေးအန္တရာယ်ပြုသည့် လူတွေများလာလျင် ထိုလူ့အဖွဲ့အစည်းသည် သေချာပေါက် ပျက်စီးကိန်းဆိုက် မည်ဖြစ်သည်။
ခုရက်ပိုင်းအတွင်းပဲ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အာဏာသိမ်းစစ်တပ် ဗုံးကြဲမှုကြောင့် CDM ဆရာမ ဒေါ်သီရိဆွေ ကျဆုံးခဲ့ပါသည်။ ဆရာ၊ဆရာမ များသည်လည်း အခြားပြည်သူတွေလိုပဲ စစ်တပ်၏ သတ်ဖြတ်ခြင်းကို ခံရပါသည်။ ပုလောမြို့နယ်ပညာရေးတာဝန်ခံ ဆရာမကြီးနဲ့ ကနီမြို့နယ် ပညာရေးတာဝန်ခံ ဆရာတို့ကတော့ တော်လှန်ရေးနယ်မြေမှာ လူတစ်စု၏ ရည်ရွယ်ချက်ရှိရှိ ကြိုတင်စီစဥ် လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်။
ဆရာ၊ဆရာမတွေသည် အာဏာသိမ်းစစ်တပ်၏ သတ်ဖြတ်ခြင်းကို ခံရသည်။ တော်လှန်ရေးနယ်မြေတွင်လည်း မိသားစုလိုက် သတ်ဖြတ်ခြင်းခံရသည်။ တော်လှန်နယ်မြေက ပညာရေးတွင်လည်း မလုံလောက်သော အခကြေးငွေဖြင့် ပညာသင်ကြားပေးနေကြရသည်။ မလုံခြုံသော စာသင်ခန်းများတွင် တပည့်များနှင့်အတူ ဆရာ၊ဆရာမတွေ ရှိနေပါသည်။
စာရေးသူတို့ လူ့အဖွဲ့အစည်းသည် ပညာကို အားမပေးကြတော့ဘူးလား။ စာရေးသူအတွေ့အကြုံအရ ပြောရလျှင် လူ့အဖွဲ့အစည်းအတွင်း သူတို့သားသမီးတွေကို စာသင်ပေးနေသည့် ဆရာ၊ ဆရာမတွေကို လိုသုံးသဘောမျိုး ထားနေကြသူတွေ အရေအတွက်များနေပါသည်။ ထိုလူ့အဖွဲ့အစည်းမျိုးသည် ဆရာ၊ဆရာမတွေကို ကာကွယ်ပေးနိုင်မည် မဟုတ်ဟုသာ ခါးသီးစွာဆိုချင်ပါသည်။
ဆရာ၊ဆရာမတွေသည် တိုင်းပြည်၏ အနာဂါတ်ကို ပျိုးထောင်ပေးနေသူတွေ၊ လူ့အဖွဲ့အစည်းကို ထိန်းကြောင်းပေးနေသူတွေ ဖြစ်တာ သေချာပါသည်။ မလုံခြုံသောကာလဝယ် ဆရာ၊ဆရာမ အချင်းချင်း မျိုးဆက်သစ်တွေ ပညာတတ်မြောက်ရေးအတွက် ပိုမိုစည်းလုံးလုပ်ဆောင်ကြဖို့ လိုအပ်ပါသည်။ လူ့အဖွဲ့အစည်း ပညာ တတ်မြောက်မှသာ အရုပ်ဆိုး အကျည်းတန်သည့် ရက်စက်မှုတွေ ပပျောက်မည်ဖြစ်သည်။
လူ့အဖွဲ့အစည်း၏ အနာဂါတ်၊ နိုင်ငံ၏ အနာဂါတ်သည် ပညာဖြစ်သည်။ ဆရာမကြီး ဒေါ်ကေသီအောင်မိသားစု၊ ဆရာဦးဝင်းဌေးမိသားစုတို့ အပါအဝင် အာဏာသိမ်းစစ်တပ်၏ သတ်ဖြတ်ခြင်းခံရသည့် ဆရာ၊ဆရာမများ၊ ဖမ်းဆီးထောင်ချခံထားရသည့် ဆရာ၊ဆရာမများ၏ မျက်နှာကို မြင်ယောင်ပြီး ကျွန်တော်တို့ ဆရာ၊ဆရာမတွေ စည်းလုံးညီညွတ်စွာ ကြိုးစားကြရမည် ဖြစ်ပါသည်။ ပညာသည်သာ လွတ်မြောက်ရာလမ်း အစစ်အမှန်ဖြစ်သည်ကို လေးလေးနက်နက် ယုံကြည်ဖို့ လိုအပ်ပါသည်။

error: Content is protected !!