Home > ဆောင်းပါး > ဆရာဦးဝင်းဌေးကို သတိရပြီး ကြိုးစားကြပါ

ဆရာဦးဝင်းဌေးကို သတိရပြီး ကြိုးစားကြပါ

ဟန်နီကို
(မျက်မှောက်ခေတ် ပညာရေး)

ကနီမြို့နယ်ပညာရေးတာဝန်ခံ ဆရာဦးဝင်းဌေးတို့မိသားစု လုပ်ကြံသတ်ဖြတ်ခံရသည်မှာ နိုဝင်ဘာ ၄ ရက်နေ့ဆို တစ်နှစ်ပြည့်ပါပြီ။ ပညာကိုအထင်သေးတတ်သည့် နိုင်ငံမှာ ကျောင်းဆရာတစ်ယောက် မိသားစုလိုက် လုပ်ကြံခံခဲ့ရသည်။

ဇနီးနဲ့ ဘာမှမသိရှာသည့် လသားအရွယ်သမီးလေးပါမချန် လုပ်ကြံသတ်ဖြတ်ခြင်းခံရသည်။ အမှုမှန်မပေါ်ပေါက်သေး။ တရားခံကို မဖမ်းနိုင်သေး။ ပညာကိုတန်ဖိုးထားတတ်၊ အမှန်တရားကို ချစ်မြတ်နိုးတတ်တဲ့ ဒေသခံ အချို့ကတော့ တရားမျှတမှုအတွက် မမေ့မလျော့ တောင်းဆိုတာကို တွေ့ရသည်။

အပ်တိုတစ်ချောင်းတောင် မကိုင်တဲ့ ကျောင်းဆရာကို ဘာကြောင့် မိသားစုလိုက်သတ်ဖြတ်လိုက်ရတာလဲ။ မြို့နယ်တစ်ခုရဲ့ ပညာရေးကို ဦးဆောင်နေတဲ့ ဆရာတစ်ယောက်ကို ဘာကြောင့် သတ်ဖြတ်ရတာလဲ။ တိုက်တွေ၊ ကားတွေ၊ ရွှေတွေ၊ ငွေတွေ သူ့ဆီကနေ ယူစရာဘာမှမရှိဘဲ ဘာကြောင့် မိသားစုလိုက် သတ်ဖြတ်ခဲ့တာလဲ။ ပညာရေး မိသားစုတစ်စုကို ကျူပင်ခုတ်ကျူငုတ်မကျန် စိတ်ဓာတ်မျိုးနဲ့ ဘာကြောင့် သတ်ဖြတ်ခဲ့တာလဲ။ ကျနော်တို့ လူ့အဖွဲ့အစည်းသည် ကိုယ့်သားသမီးတွေရဲ့ အနာဂါတ်ကို လမ်းခင်းပေးနေသည့် ကျောင်းဆရာတစ်ယောက်ကို မကာကွယ်နိုင်တာ သေချာသည်။

လွတ်မြောက်နယ်မြေ၊ တော်လှန်နယ်မြေမှာ ပညာရေးကို အားပေးတဲ့ အဖွဲ့အစည်းဆိုတာ အင်မတန်ရှားသည်။ အားမပေးတဲ့အပြင် သူတို့ကို အောက်ကနေဝင်မှ သဘောကျသည့် ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေလည်း ရှိနေသည်။ ပညာဆိုတာက လွတ်လပ်သည့်သဘော။ ပညာရှင်က လွတ်လပ်မှဖြစ်မည်။ ပညာရှင်ကို စစချင်း ဦးချိုးချင်သည့်သူတွေ များနေသည့် လူ့အဖွဲ့အစည်း။ ကျောင်းဆရာကို ဟေးလားဝါးလားပေါင်းပြီး တန်းညှိချင်သည့် လူတွေများစွာနဲ့ လူ့အဖွဲ့အစည်း။ အပျိုဆရာမတစ်ယောက်ကို အငြိမ့်မင်းသမီးတစ်ယောက်လို ပိုးပန်းချင်တဲ့ လူ့အဖွဲ့အစည်း။ ဆရာဦးဝင်းဌေးကို သတိရပါသည်။

ကိုယ့်သားသမီးတွေ စာသင်နေသည့်နေရာကို တစ်လနေလို့မှ တစ်ခါမလာတဲ့ ကျောင်းသားမိဘတွေနဲ့ လူ့အဖွဲ့အစည်း။ လခလေးတစ်ပဲခြောက်ပြားနဲ့ ကျောင်းဆရာ၊ဆရာမတွေကို တစ်နေကုန် ကလေးထိန်းခိုင်းထားချင်သည့် လူ့အဖွဲ့အစည်း။ ပူးပေါင်းပါဝင်မှုဆိုတာမရှိ။ ကိုယ့်သားမီးရဲ့ ပညာရေးကို မျက်နှာလွဲခဲပစ်လုပ်။ ပြဿနာဖြစ်မှ ဆရာ၊ဆရာမကို အပြစ်ဖို့ချင်တဲ့ လူ့အဖွဲ့အစည်း။ ဆရာဦးဝင်းဌေးကို သတိရပါသည်။

ပညာမဲ့တဲ့ လူ့အဖွဲ့အစည်းသည် “မိုက်တာ” ကို ” သတ္တိ” လို့ ထင်သည်။ သူတစ်ပါးအပေါ် ” လေးစားမှု” မရှိတာကို ” ဂုဏ်သိက္ခာ” လို့ တလွဲနားလည်သည်။ “တာဝန်” ကို “လုပ်ပိုင်ခွင့် အာဏာ” လို့ မှတ်ယူသည်။ အာဏာရှိသူကိုမှ လေးစားဟန်ဆောင်သည်။ ကျောင်းဆရာ၊ ဆရာမတွေ ဆိုတာ အာဏာမရှိ၊ ပညာသာရှိသူတွေဆိုတော့.. ။ ဆရာဦးဝင်းဌေးကို သတိရပါသည်။

အဆိုးဆုံးက ပညာကို အထင်သေးခြင်းဖြစ်သည်။ ပညာဆိုတာကို ယျေဘုယျ သဘောလောက်ပင် နားမလည်ကြခြင်းဖြစ်သည်။ ပညာ၏ အရသာကို မသိကြခြင်းဖြစ်သည်။ ပညာမဲ့သူသည် လက်ငင်းအကျိုးကိုသာ သိသည်။ ရေရှည်အကျိုးကိုမသိနိုင်ပါ။ ဆရာ၊ဆရာမတွေသည် ရေရှည်အကျိုးကို ကြည့်ကြသူတွေဖြစ်သည်။ ဆရာဦးဝင်းဌေးကို သတိရပါသည်။

စာရေးသူသည် မျက်မှောက်ခေတ်ကာလ တော်လှန်နယ်မြေက ပညာရေးအကြောင်း ဆောင်းပါးတွေကို ရေးနေသူဖြစ်သည်။ ဆရာ၊ ဆရာမချင်း ဆန်ရင်း နာနာဖွတ်သည့် ဆောင်းပါးတွေ ပါဝင်သည်။ ပညာကို အထင်သေးသည့် လူ့အဖွဲ့အစည်းမဖြစ်အောင်၊ ပျက်စီးယိုယွင်းသွားတော့မည့် လူ့အဖွဲ့အစည်းမဖြစ်အောင် ကြိုးစားနိုင်ဆုံးသူတွေမှာ ဆရာ၊ဆရာမတွေ ပဲဖြစ်သည်။ ဆရာ၊ဆရာမတွေကလွဲရင် ဘယ်နတ်သိကြားမှ မလုပ်နိုင်။ ထို့ကြောင့် ဆရာ၊ဆရာမတွေအနေဖြင့် ကိုယ့်အပေါ်ကို အာဏာပါဝါလာပြတာကအစ အခက်အခဲတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဖြတ်ကျော်ပြီး ကြိုးစားကြဖို့ လိုသည်။ ဆရာဦးဝင်းဌေးကို သတိရပြီး ကြိုးစားကြဖို့ တိုက်တွန်းအပ်ပါသည်။ ပညာသည်သာ လူ့အဖွဲ့အစည်းနှင့် တိုင်းပြည်ကို ကယ်တင်နိုင်ပါသည်။

#ဟန်နီကို
#မျက်မှောက်ခေတ်
#ပညာရေး

error: Content is protected !!