Home > ရင်ဖွင့်စာ > ၁၂ လရာသီ သစ္စာ၏ ဆုတောင်းခြင်း

၁၂ လရာသီ သစ္စာ၏ ဆုတောင်းခြင်း

မောင်ဧက
(မျက်မှောက်ခေတ် ကဗျာ)

သင်္ကြန် အတာရေကို
တပည့်တော်တို့ ချွေးစက် များဖြင့်
သန့်စင်ဆေးကြောပါခဲ့၏ အရှင်ဘုရား။
ကဆုန် ညောင်ရေကိုလည်း
တပည့်တော်တို့ သွေးစက်များဖြင့်
သွန်းလှူပါ၏ ဘုရား ။
မြက်သားမွေးချိန်
စာပြန်ပွဲ မရှိ ၊ စာသင်ကျောင်း မရှိ ကျောင်းသားများလည်း မရှိပါ ဘုရား။
စစ်ဘီလူးတွေ ဗုံးကြဲတာက
စာသင်ကျောင်း၊ဘုန်းတော်ကြီးကျောင်းတွေ
ဝါဆိုမယ့် သံဃာများလည်း မရှိတော့ပါ
အရှင်ဘုရား။
ရေ မကြီးဘဲ သွေးချောင်းစီးပါတယ် ဘုရား။
သပြေသီးမှည့်အစား လက်နက်ကြီးတွေကိုပဲ
ကလေးငယ်တွေ စားသုံးနေရတာပါ ဘုရား။
လှေပြိုင်ပွဲ မဟုတ်ဘဲ
စစ်သင်္ဘောများက မြစ်ရိုးတလျှောက် လက်နက်မျိုးစုံ ပစ်ခတ်လို့
ပြည်သူတွေ အသက်ဘေးလွတ်ရာ
ထွက်ပြေးနေကြရပါတယ် ဘုရား။
သီတင်းကျွတ်ရာသီမှာ
တပည့်တော်တို့ ပိုင်ဆိုင်တဲ့
အိုးအိမ်တွေကို မီးရှို့ခံရခြင်းဖြင့်
ဆီမီး ပူဇော်ပါ၏ အရှင်ဘုရား ။
တန်ဆောင်တိုင် မီးပုံးပျံများလို
လေသင့်ရာ လွင့်နေရတဲ့ ဘ၀မျိုးမှ
အမြန်ဆုံး ကင်းလွတ်ရပါလို၏
အရှင်ဘုရား။
စာဆိုတော်ပွဲ၊ စာပေဟောပြောပွဲတွေ အစား
မြင်းခင်းပွဲတွေလို
ပစ်ခတ်၊တိုက်ခိုက်ခံရခြင်း များ
ကြုံတွေ့နေကြရသူတွေပါ ဘုရား။
တိရစ္ဆာန်လောက်မှ အသိမရှိသူတွေရဲ့
ပစ်ခတ်သံတွေ ကြောင့်
ထမနဲလည်း မထိုးဝံ့တော့ပါ ဘုရား ။
တပေါင်းလထဲ
သဲပုံစေတီ တည်ခွင့်ရခဲ့ရင်
သစ္စာတစ်ခုဆိုချင်ပါ၏ ဘုရား
ယုတ်ညံ့သူတို့ ကျဆုံးပါစေ။

#မောင်ဧက
#မျက်မှောက်ခေတ်
#ကဗျာ

error: Content is protected !!