မောင်ဧက
(မျက်မှောက်ခေတ် ဆောင်းပါး)
မုံရွာမှာ ညနေ မှောင်ရီပျိုးပြီဆိုတာနဲ့ မြို့ရဲ့အဓိကလမ်းမကြီးတွေပေါ်မှာ လူအသွားအလာ ရှင်းသွားပါပြီ။
တချိန်ကဆို ပုရွက်ဆိတ်လေးတွေလို အတန်းလိုက် ဆိုင်ကယ်တွေ၊ကားတွေ ပြည့်ကြပ်နေခဲ့တဲ့ ဗိုလ်ချုပ်လမ်း၊ ကျောက္ကာလမ်း၊ပြည်ထောင်စုလမ်းနဲ့ သာစည်လမ်းမကြီးတွေပေါ်မှာ တစ်စီးစ၊နှစ်စီးစဆိုင်ကယ်တွေ၊ အိမ်စီးကားတွေကလွဲရင် တမာပင် နဲ့ ကိုက္ကိုပင်ကြီးတွေရဲ့ ပင်စည်တွေပဲ မြင်ရပါတော့တယ်။
လွန်ခဲ့တဲ့ အချိန်တွေတုန်းက တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားတွေ၊အလုပ်ပြန် ကုမ္ပဏီ၀န်ထမ်းတွေနဲ့ စည်ကားလှတဲ့ မုံရွာ လမ်းမကြီးတွေပေါ်မှာ မဖြစ်မနေ အလုပ်ချိန်နောက်ကျမှ ပြန်ရသူတွေ၊အာဏာ သိမ်းစစ်တပ်နဲ့ နီးစပ်သူတွေပဲ ရှိတော့တာပါ။
အလုပ်ချိန်အပိုဆင်းရတဲ့ ကုမ္ပဏီ၀န်ထမ်းတွေက ယူနီဖောင်းကိုယ်စီနဲ့ ဆိုင်ကယ်ကို အသော့လေး မောင်းနှင်ကြသလို အခြေခံလူတန်းစားတွေဖြစ်ကြတဲ့ ပန်းရံ၊လက်သမား၊ ၀ပ်ရှော့ စတဲ့ အလုပ်သမားတွေကလည်း သူတို့ရဲ့ အိမ်အပြန်လမ်းကို မိုးမချုပ်ခင် အိမ်ရောက်နိုင်ဖို့ စီးတော်ယာဉ် တရုတ်ဆိုင်ကယ် အစုတ်လေးတွေ မီးခိုးငွေ့တန်းတဲ့အထိ ကသုတ်ကရိုက်နဲ့ပြန်နေကြတာလည်း တွေ့ရပါတယ်။
“ပေါ်တာဆွဲတာက ကျုပ်တို့လို အလုပ်ပြန်တွေကို စောင့်ပြီးဆွဲတာဗျ ၊ အဲ့ဒီတော့ မမှောင်ခင်အိမ်ရောက်မှ” လို့ မုံရွာအရှေ့လက် ကျေးရွာတစ်ရွာက ပန်းရံအလုပ်သမားတစ်ဦးက ပြောပါတယ်။
မုံရွာမြို့က မြန်မာနိုင်ငံရဲ့ အစည်ကားဆုံး ၁၀မြို့ စာရင်း၀င်မြို့တစ်မြို့ ဖြစ်တာနဲ့အညီ တစ်ချိန်တခါကတော့ နေ့နေ့၊ညည ရောင်စုံမီးတွေနဲ့ စည်ကားခဲ့တာပါ။
စီးပွားရေးတက္ကသိုလ်၊ကွန်ပျူတာတက္ကသိုလ်၊နည်းပညာတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်နဲ့ မုံရွာတက္ကသိုလ် စတဲ့ အဆင့်မြင့်ပညာရေး တက္ကသိုလ်တွေ တည်ရှိသလို အနယ်နယ်အရပ်ရပ်က ကျောင်းသူ၊ ကျောင်းသားတွေနဲ့ စည်ကားခဲ့တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။
စစ်တပ်က အာဏာမသိမ်းခင် ကာလ အထိ ၂၄နာရီ ၇ ရက်လုံး ကျောင်းသွား ကျောင်းပြန်၊အလုပ်သွား အလုပ်ပြန်၊အရောင်းအ၀ယ်၊ အသွားအလာတွေနဲ့ မြို့ပြရဲ့ လမ်းမကြီးတွေပေါ် မှာ ပြည့်ကြပ်နေခဲ့တာပါ။
“အခုမုံရွာမှာ ပြန်စည်လာတယ်ဆိုတာ အရင်က ကျောင်းပိတ်ရက်လောက်တောင် မရှိဘူး။အရင်က ညဈေးတန်း(ရုံးကြီးလမ်း)လောက်တောင် မရှိဘူး၊ ညဘက်ထွက်ရဲတာဆိုလို့ စစ်တပ်နဲ့ နီးစပ်တဲ့သူမဟုတ်ရင် စစ်တပ်နဲ့ ပတ်သက်တဲ့လူပဲ” လို့မုံရွာမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။
မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်က နေ့နေ့ညည အိမ်စီးကားတွေ အသုံးပြုပြီး ပေါ်တာဆွဲ ဖမ်းဆည်းတာတွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေတာပါ။
မှောင်ရီပျိုးပြအချိန် ဆိုင်ကယ်အစုတ်လေးကို မီးခိုးတန်းတဲ့အထိ မောင်းပြီး အချိန်မီ အိမ်ပြန်ရောက်နိုင်ဖို့ ကြိုးစားကြရသူတွေရှိသလို အချိန်မရွေး အပြင်ထွက် သွားလာလို့ရတဲ့ အတန်းအစား၊ အလွှာတွေလည်း မုံရွာမြို့ပေါ်မှာ ရှိပါတယ်။
အာဏာသိမ်းထားတဲ့စစ်တပ် အုပ်စိုးထိန်းချုပ်ထားတဲ့ မုံရွာမြို့ပေါ် မှာ ၂၄ နာရီ အချိန်မရွေး သွားလာပျော်ပါးခွင့် ရနေသူတွေဟာ စစ်တပ်နဲ့တနည်းတဖုံ ပတ်သက်ဆက်နွယ်နေကြသူတွေသာ ဖြစ်ပါတယ်။
“ညဘက်လည်း ထွက်လို့ရပြီဆိုတဲ့သဘောမျိုး လိုင်းပေါ်တင်တဲ့သူကြည့်လိုက် စစ်တပ်နဲ့ပိုင်တဲ့ နိုင်တဲ့ အနေအထားရှိတဲ့သူတွေချည်းပဲ။ စီးပွားရေးသမားမဟုတ်ရင် ရဲသတင်းပေးကောင်တွေ” လို့ မုံရွာမြို့ခံ ပြည်သူတစ်ဦးက ပြောပါတယ်။
မုံရွာမြို့မှာ ညပိုင်းအချိန်တွေအထိ လွတ်လွတ်လပ်လပ် သွားလာလို့ ရနေတဲ့အကြောင်း လူမှုကွန်ရက်မှာ ရုပ်သံဖိုင်တွေ၊ဓာတ်ပုံတွေနဲ့ ဖော်ပြနေကြသူတွေဟာ အမှန်တကယ်တော့ ဆိတ်ငယ်ပါလို သက်ကြားအို စီးပွားရေးသမားတွေ၊ စစ်တပ်နဲ့နီးစပ်ကြသူတွေ၊ ပိုင်ရာဆိုင်ရာတွေကို ပိုင်ဆိုင်ထားကြသူတွေ၊လက်သပ်မွေးထားတဲ့ သတင်းပေးတွေနဲ့ လွှတ်ပေးထားတဲ့ သူခိုးတွေပဲ ဖြစ်ကြပါတယ်။
Credit photo.
#မောင်ဧက
#မျက်မှောက်ခေတ်
#ဆောင်းပါး






