Home > ဆောင်းပါး > ချင်းပြည်နယ်ကို စစ်ကော်မရှင် ပြန်လည်ထိုးစစ်ဆင်နိုင်မှာလား

ချင်းပြည်နယ်ကို စစ်ကော်မရှင် ပြန်လည်ထိုးစစ်ဆင်နိုင်မှာလား

H.PM
(မျက်မှောက်ခေတ် ဆောင်းပါး)

ချင်းပြည်နယ်တွင် ထန်တလန်၊ ဟားခါး၊ တီးတိန်နှင့် ခိုက်ကမ်းမြို့တွေမှာ စစ်ကော်မရှင် လက်အောက်ခံတပ်တွေတည်ရှိပြီး ပြည်နယ်၏ ကျန်ဒေသတွေကို ဒေသခံချင်းတော်လှန်ရေး တပ်ဖွဲ့တွေက နယ်မြေစိုးမိုးထားသည်။

စစ်တပ်က ထိန်းချုပ်ထားသည့် ခိုင်ကမ်းမြို့မှာ ကလေးမြို့အနောက်ဘက် ဆက်လျက်တည်ရှိသဖြင့် ချင်းတောင်ပေါ်က မြို့သုံးမြို့ကိုသာ စစ်တပ်တွေက ထိန်းချုပ်ထားနိုင်သည်ဟု ဆိုနိုင်သည်။

ချင်းပြည်နယ်တောင်ပိုင်းသည် စစ်တပ်လုံးဝကင်းစင်သည့်နယ်မြေဖြစ်ပြီး ချင်းပြည်မြောက်ပိုင်းက ထန်တလန်၊ ဟားခါး၊ တီးတိန်မှာသာ စစ်တပ်တွေ ရှိနေသည်။
အောက်တိုဘာ ၁၆ ရက်နေ့က ချင်းပြည်နယ်မြို့တော် ဟားခါးမြို့လယ်က စစ်ကော်မရှင်လက်အောက်ခံ ရဲစခန်းကို CDF – Hakha အပါအဝင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာ ရဲ ၅ ဦးသေဆုံးခဲ့ပြီး အချုပ်သား ၁၅ ဦးကိုကယ်ထုတ်နိုင်ခဲ့သည်။

စစ်တပ်သည် ချင်းပြည်က မြို့များပေါ်တွင်တည်ရှိနေသောလည်း မြို့တွေကို အလုံးစုံထိန်းချုပ်နိုင်ခြင်း မရှိကြောင်း သည်အချက်က ပြနေသည်။

၂၀၂၅ ခုနှစ်၊ မေလက ကလေးမြို့ပေါ်က စစ်ကောင်စီတပ်သည် ချင်းပြည်နယ်ကို နယ်မြေပြန်လည်ရရှိရေးအတွက် စစ်ကြောင်းထိုးခဲ့သည်။

အဆိုပါ စစ်ကြောင်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာမှာ တိုက်ပွဲကာလ တစ်လကျော်ကြာကာလအတွင်း စစ်တပ်ဘက်က အများအပြားသေဆုံးခဲ့သလို ချင်းတောင်ကိုထိုးသည့် စစ်ကြောင်းမှ စစ်မှုထမ်းတပ်သားသစ်အများအပြား ကလေးဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ထွက်ပြေး အလင်းဝင်ရောက်ခဲ့ကြသည်။

ချင်းတောင်ကို စစ်ကြောင်းထိုးသော စစ်တပ်သည် အထိအခိုက် အကျအဆုံးများစွာဖြင့် ကလေးမြို့ ဘက်ကို ဖယိုဖရဲ ဆုတ်ခွာပြေးခဲ့ကြရသည်။

လက်ရှိအချိန်တွင် စစ်ကော်မရှင်သည် ချင်းပြည်နယ်နဲ့ ကပ်လျက် ကလေးဒေသကို အကြီးအကျယ် ထိုးစစ်ဆင်နေသည်။ စစ်ကော်မရှင်တပ်၏ လူအင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်မှုကြောင့် ကလေးမြို့နယ်မြောက်ပိုင်းရော၊ ကလေးမြို့နယ်တောင်ပိုင်းမှာပါ တော်လှန်ရေးတပ်တွေဘက်က ဆုတ်ခွာပေးခဲ့ရသည်။

ကလေးမြို့နယ်မြောက်ပိုင်းကို စစ်တပ်က အောက်တိုဘာ ၁၆ ရက်နေ့ကစ အလုံးအရင်းစစ်ကြောင်းထိုးခဲ့သောကြောင့် ကလေးမြို့နယ်မြောက်ပိုင်း ကျေးရွာတွေက ပြည်သူတစ်သောင်းကျော်တိမ်းရှောင်ခဲ့ကြရသလို လက်နက်ခဲယမ်းအခက်အခဲကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ နောက်ဆုတ်ပေးခဲ့ရသည်။ လက်ရှိအချိန်တွင် စစ်ကော်မရှင် စစ်တပ် စစ်ကြောင်းသည် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားသည့် ခမ်းပတ်မြို့ကိုပါ ပြန်လည်ထိုးစစ်ဆင်ဖို့ ပြင်ရွယ်နေပြီဖြစ်ကြောင်း သိရသည်။

ကလေးမြို့နယ်တောင်ပိုင်းတွင်လည်း တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားသည့် ကြံသာ၊ အောင်သာယာ၊ မှန်တော ကျေးရွာတွေကို စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာထဲတွင် ပြန်လည်လက်လွတ်ခဲ့ရသည်။ ကလေးမြို့နယ်တောင်ပိုင်းနဲ့ နယ်မြေချင်းထိစပ်နေသည့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီကျေးရွာမှာ စစ်တပ်က အင်အားဖြည့်ပြီး ကလေးမြို့နယ်တောင်ပိုင်းနယ်အစပ်ကနေ ကလေးမြို့ဘက်ကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ကလေးမြို့နယ်တွင်း စစ်တပ်က ဂန့်ဂေါ – ကလေး – တမူး နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးတလျောက် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ အဆိုပါလမ်းမကြီးသည့် ချင်းပြည်နယ်၏ အရှေ့ဘက်ကပ်လျက်မှာတည်ရှိပြီး အဆိုပါလမ်းမကြီးနဲ့ ချင်းပြည်သို့သွားသောလမ်းများ ဆက်သွယ်နေသည်။ အဆိုပါ လမ်းမကြီးကို ထိန်းချုပ်နိုင်ပါက စစ်ကော်မရှင်သည် ချင်းပြည်နယ်ကို လမ်းပန်းဆက်သွယ်ရေးအရ ထိန်းချုပ်နိုင်ပြီး စစ်ကြောင်းပြန်လည်ထိုးနိုင်သည့် အခွင့်အလမ်း ရရှိသွားမည်ဖြစ်သည်။

ချင်းပြည်နဲ့ကပ်လျက် ကလေးဒေသက တော်လှန်ရေးတပ်ဖွဲ့တွေသည် ဒေသတွင်း စစ်ကော်မရှင်တပ်၏ စစ်ကြောင်းကို ခုခံတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြပြီး ထိခိုက်ကျဆုံးမှုတွေလည်း ရှိခဲ့ကြောင်း သတင်းရင်းမြစ်တွေဆီက သိရသည်။ သို့သော် လက်နက်ခဲယမ်း အပြည့်အစုံ၊ လူအင်အားရာချီထိုးလာသည့် စစ်ကြောင်းကို ခုခံစစ်ဆင်နွဲဖို့ဆိုသည်မှာ မလွယ်ကူကြောင်း တော်လှန်ရေးခေါင်းဆောင်အချို့က မှတ်ချက်ပြုကြသည်။ ကလေးတစ်မြို့နယ်လုံးတွင် စစ်ကော်မရှင်က စုစုပေါင်းအင်အား ၁၅၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းအချက်အလက်တွေအရ သိရသည်။

ကလေးဒေသကို စစ်တပ်က နယ်မြေစိုးမိုးနိုင်ခဲ့လျှင်၊ ဂန့်ဂေါ – ကလေး – တမူး လမ်းမကြီးတလျောက် ထိန်းချုပ်နိင်ခဲ့လျှင် ချင်းပြည်နယ်ကို ပြန်လည်ထိုးစစ်ဆင်မည်မှာ သေချာသည်။

အဆိုပါလမ်းမကြီးကို စစ်တပ်က ထိန်းချုပ်နိုင်ခဲ့လျင် စစ်ကိုင်းတိုင်း ကလေးဒေသ၊ မကွေးတိုင်း ယောဒေသက ပြည်သူတွေ ကစဥ့်ကလျားဖြစ်ကြရမည်မှာလည်း သေချာသည်။

ချင်းပြည်နယ်သို့ ရိက္ခာပို့ဆောင်ရေးမှာလည်း များစွာခက်ခဲသွားမည်ဖြစ်သည်။ ချင်းပြည်နယ်စပ် လမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးပမ်းအကောင်အထည်ဖော်နေသည့် စစ်ကော်မရှင်တပ်ကို တုန့်ပြန်ဖို့ အရေးပေါ်လိုအပ်နေပါသည်။

စစ်ကော်မရှင်တပ်ကို တုန့်ပြန်နိုင်ဖို့ ယောဒေသပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ၊ ကလေးဒေသ ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချင်းပြည်က ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲဲ့တွေ စည်းလုံးညီညွတ်ဖို့ လိုအပ်ပါသည်။

ယောဒေသ၊ ကလေးမြို့နယ်၊ ချင်းပြည် ညီညွတ်စွာဖြင့် စစ်အာဏာရှင်တပ်ကို ပြန်လည်တိုက်ခိုက်ကာ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို စောင့်ရှောက်ပြီး စစ်အာဏာရှင် အမြစ်ဖြတ်နိုင်ကြပါစေကြောင်း တိုက်တွန်းလိုက်ရပါသည်။

#H.PM
#မျက်မှောက်ခေတ်
#ဆောင်းပါး

error: Content is protected !!