စိတ်ဓာတ်မကျအောင်နေကြမယ်
တက်နေထွန်း
(မျက်မှောက်ခေတ်ဆောင်းပါး)
ခုအောက်တိုဘာလအတွင်း စစ်ကောင်စီက လွတ်မြောက်နယ်မြေ အားလုံးနီးပါးကို လေကြောင်းကနေ အဆက်မပြတ် တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသေဆုံးမှုတွေများပြားခဲ့ရတယ်။
နောက်ဆက်တွဲအနေနဲ့ ပြည်သူတွေဟာ မိမိတို့ရပ်ရွာကို ယာယီစွန့်ခွာပြီး ဘေးလွတ်ရာတွေကို ရှောင်တိမ်းနေကြရတယ်။
အသံကြားရင်တောင် ကြောက်နေရတဲ့ကာလ
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုခံထားရတဲ့ ဒေသတွေဟာ လေယာဥ်သံကြားရင်ကို ထိတ်လန့်နေကြရတယ်။ ဆိုင်ကယ်တို့၊ကားတို့ အသံကျယ်ကျယ်မောင်းလာရင်တောင် လေယာဥ်အထင်နဲ့ ထိုင်နေရာကနေ ထပြေးတဲ့အထိဖြစ်ကြရတယ်။
ကျန်းမာရေးထိခိုက်မှု
စစ်ကောင်စီရဲ့လေကြောင်းဒဏ်ကြောင့် ပြေးကြလွှားကြရတယ်။ အချို့ဒေသတွေမှာ ညအချိန်ကြီးတောင် ထွက်ပြေးကြရတာမျိုးရှိတယ်။ နေရာအရွေ့အပြောင်းတွေကြောင့် အအိပ်အစားတွေပျက်ကြရတယ်။ ထိန်လန့်မှုကြောင့်လည်း အိပ်မပျော်ဖြစ်ကြရတယ်။ စိုးရိမ်စိတ်တွေကြောင့် မွန်းကြပ်မှုတွေ ခံစားကြရတယ်။
ကျန်းမာရေးအခံမကောင်းသူတွေ၊နှလုံးအားနည်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ ဒီဒုက္ခကို ပိုမိုခံစားကြရတယ်။
လူသတ်သမားတွေရဲ့မိတ်ဆွေ တရုတ်
တရုတ်နိုင်ငံဟာ တစ်နိုင်ငံလုံးကို လိုက်လံသတ်ဖြတ်မီးရှိူ့နေတဲ့ စစ်ကောင်စီဘက်ကနေ လုံးလုံးရပ်တည်ပစ်လိုက်တာကို တွေ့မြင်ကြရတယ်။ တရုတ်ရဲ့ ထောက်ခံမှု၊ ထောက်ပံ့မှုနဲ့ စစ်ကောင်စီဟာ လေကြောင်းကနေသာမက မြေပြင်စစ်ကြောင်းတွေကပါ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်လာခဲ့တာကို တွေ့မြင်ကြရတယ်။
ပြည်သူတွေရဲ့တော်လှန်စိတ်ကို စိန်ခေါ်မှု
အထက်ပါအကြောင်းအရာတွေဟာ မြန်မာပြည်သူအားလုံးကို စိန်ခေါ်နေတဲ့အရာတွေဖြစ်တယ်။ ပြည်သူတွေစိတ်ဓာတ်ကျသွားအောင်၊ စိတ်ဓာတ်ခွန်အားတွေမရှိတော့အောင် စစ်ကောင်စီဟာ နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတယ်။
ပြည်သူတွေဟာ စစ်အာဏာသိမ်းပြီးကတည်းက စိန်ခေါ်မှုအမျိုးမျိုးကို ကျော်လွှားနိုင်ခဲ့ကြတယ်။ ဒီတစ်ကြိမ်မှာလည်း ကျော်လွှားနိုင်ကြမယ်လို့ ယုံကြည်တယ်။ စစ်ကောင်စီဘက်က တရုတ်ထောက်ခံမှုပေါ်ပေါ်တင်တင်ဖြစ်လာတဲ့အတွက် စိန်ခေါ်မှုပိုကြီးတယ်လို့ ဆိုနိုင်ပါတယ်။
ဒီစိန်ခေါ်မှုကိုကျော်လွှားပြီးရင်
စစ်ကောင်စီကို တရုတ်ကထောက်ခံနေတဲ့အတွက် စစ်ကောင်စီကို တော်လှန်ရေးတပ်ဖွဲ့တွေ၊ ပြည်သူတွေအနေနဲ့ အရင်ကထက် ခက်ခက်ခဲခဲ ရင်ဆိုင်ရနိုင်တယ်။ ဒါပေမယ့် ဒီအခက်အခဲကိုကျော်လွှားနိုင်ရင် ပန်းတိုင်ကိုရောက်သလောက်ဖြစ်သွားနိုင်တယ်။
တော်လှန်ရေးရဲ့ အခြေခံ ပြည်သူ့စိတ်ဓာတ်
တော်လှန်ရေးရဲ့ အခြေခံအုတ်မြစ်ဟာ ပြည်သူ့စိတ်ဓာတ်ဖြစ်တယ်။ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အာဏာရှင်တွေက ဒါကိုသိတယ်။ ဒါကြောင့် ပြည်သူတွေစိတ်ဓာတ်ကျအောင်၊ ထိတ်လန့်ခြောက်ခြားအောင် လေကြောင်းကနေ တိုက်ခိုက်နေတာဖြစ်တယ်။ ဒါကို ကျနော်တို့ပြည်သူတွေအနေနဲ့ သူ့တို့ရည်မှန်းချက်အတိုင်း စိတ်ဓာတ်မကျဖို့လိုပါတယ်။
ဒီစာကိုရေးနေတဲ့ ကျနော်ဟာလည်း လေကြောင်းအန္ဒရာယ်ကို အနီးကပ် ကိုယ်တွေ့ခံစားဖူးပြီး ပြည်သူတွေနဲ့အတူ ပြေးလွှားနေရသူဖြစ်တယ်။
တကယ်တော့ ကျနော်တို့ဟာ နိုင်ငံတစ်ခုရဲ့ အလှည့်အပြောင်းမှာ သမိုင်းကတာဝန်ပေးအပ်ခြင်းခံရတဲ့ ပြည်သူတွေဖြစ်တယ်။
အချင်းချင်းစိတ်ဓာတ်ပိုင်းဆိုင်ရာကအစ ကူညီဖေးမကြဖို့လိုအပ်ပါတယ်။ ကျနော်တို့ စိတ်ဓာတ်ကျလို့မရပါ။ စိတ်ဓာတ်ကျခဲ့ရင် ဒီထက်ဆိုးတာတွေကိုပဲ နှစ်ပေါင်းများစွာ ရင်ဆိုင်ရဖို့ရှိပါတယ်။ ကျနော်တို့စိတ်ဓာတ်တွေ ကျန်းမာသန်းစွမ်းအောင် နေထိုင်ကြရမှာဖြစ်တယ်။
#တက်နေထွန်း
#မျက်မှောက်ခေတ်
#ဆောင်းပါး