Home > Uncategorized > တော်လှန်ရေးဆက်သား

တော်လှန်ရေးဆက်သား

တော်လှန်ရေးဆက်သား

မောင်ချမ်းမြ
(မျက်မှောက်ခေတ် ရုပ်ပုံလွှာ)

တော်လှန်ရေးကာလမှာ တော်လှန်ရေးဆက်သားတွေလည်း အရေးပါတဲ့သူတွေဖြစ်သည်။ သူတို့သည်တော်လှန် ရေးသမားတွေလိုအပ်တဲ့ ငွေ၊ပစ္စည်းတွေကို တော်လှန်ရေးသမားတွေဆီအရောက်ပို့ ဆောင်ပေးခဲ့ကြသူတွေဖြစ်သည်။

တော်လှန်ရေးသမားတွေလိုအပ်တဲ့ အရေးပေါ်ပစ္စည်းဆို မြို့ပေါ်ကနေ ခက်ခက်ခဲခဲ သယ်ယူပို့ဆောင်ပေးခဲ့ကြသူတွေဖြစ်သည်။ သည်လိုဆက်သားတွေသည် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်ကောင်းမှဖြစ်မည်။

ယခုကျနော် ရေးသားမည့်သူသည် တော်လှန်ရေးတပ်ဖွဲ့ဝင်မဟုတ်သော တော်လှန်ရေးသမားတစ်ယောက်အကြောင်းဖြစ်သည်။

သူသည် မြန်မာနိုင်ငံအလယ်ပိုင်း မြို့လေးတစ်မြို့က ပျော်ပျော်နေတတ်သည့် ပညာတတ်လူငယ်လေးတစ်ဦးဖြစ်သည်။ သူ၏ဖော်ရွေမှု၊ ကူညီတတ်မှု ၊ အပြောအဆိုယဥ်ကျေးမှုတွေကြောင့် လူချစ်လူခင်များသည်။

ပြီးတော့ သူက ဘွဲ့ရတစ်ယောက်ဖြစ်သော်လည်း အလုပ်မရွေးလုပ်ကိုင်တတ်သူမို့ ငွေရွှင်သူတစ်ယောက်လည်း ဖြစ်ပါသည်။ သို့သော် သူရရှိသည့်ငွေတွေကို သူတစ်ကိုယ်ရေ အသုံးထက် မိသားစုအကျိုး၊ အများအကျိုးမှာ အသုံးပြုတတ်သူဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် သူလုပ်ကိုင်သည့်အလုပ်က Delivery အလုပ်ဖြစ်သည်။ သူ၏ လုပ်ငန်းအပေါ်စေတနာထားမှုကြောင့် မနားမနေ ပို့ဆောင်ရသည်။ အချို့သူ့ဖောက်သည် တွေဆိုလျှင် သူ့ကို ပုဆိုး၊ အင်္ကျီအပါအဝင် လက်ဆောင်တွေပေးကြသည်။

ထိုလက်ဆောင်တွေကိုလည်း သူက နီးစပ်သူတွေကို တဆင့်လက်ဆောင်ပေးတတ်ပါသည်။

တကယ်တော့သူသည် သူ့စီးပွားရေးအတွက်သာ ပို့ဆောင်ပေးနေသည့် Delivery သမားတစ်ဦးမဟုတ်။ မြို့ပေါ်ကနေ နယ်က တော်လှန်ရေးသမားတွေလိုအပ်သည့် ပစ္စည်းကို ပို့ဆောင်ပေးနေသူဖြစ်သည်။

တော်လှန်ရေးသမားတွေမှာသည့် ကွန်ပျူတာကအစ ပိုက်ဆံKpay ထုတ်ပေးတာအဆုံး အကုန်လုပ်ဆောင်ပေးသူဖြစ်သည်။ မည်မျှလမ်းခရီးခက်ခဲနေပါစေ သူရောက်အောင်ပို့တတ်သည်။

တော်လှန်ရေးသမားတွေဆီ ပစ္စည်းအရောက်ပို့ဖို့ စစ်ကောင်စီဂိတ်က စစ်သားတွေနဲ့လည်း အဆင်ပြေအောင်သူဆက်ဆံရသည်။ စစ်ကောင်စီစစ်သားတွေအတွက် ကွမ်းယာ၊ဆေးလိပ်အပါအဝင် သူတို့လိုတာတွေကိုလည်း ဝယ်ပေးရသည်။

သူ့လူမှုဆက်ဆံရေး ပါးနပ်မှုတွေကြောင့် စစ်ကောင်စီဂိတ်တွေကို အလွယ်တကူဖြတ်သန်းနိုင်ခဲ့သည်။

သို့သော် သူ့လုပ်ဆောင်ချက်တွေ လချီ၊နှစ်ပိုင်းသို့ရောက်လာသောအခါ စစ်ကောင်စီနား သူ့သတင်းတွေပေါက်စပြုပါပြီ။ ဖမ်းမိတဲ့သူတွေကတဆင့် သူဖုန်းပြောတဲ့ အသံဖိုင်တွေ စစ်ကောင်စီကရသွားပြီဟူသော သတင်းတွေလည်း ထွက်လာသည်။ သူ့လုံခြုံရေးအရ သူ့အလုပ်ကို သူရပ်နားလိုက်ပြီး အနားယူနေလိုက်ရသည်။

သူအေးအေးဆေးဆေးအနားယူနေသည့် နှစ်လလောက်အချိန်အတွင်း။ တော်လှန်ရေးသမားတွေအတွက် ငွေပမာဏ တော်တော်များများ kapy ထုတ်ပေးဖို့ သူ့ကိုအကူအညီတောင်းခံလာသည်။

သူက မဆိုင်းမတွပင် ကူညီဖို့ သဘာတူလိုက်သည်။ kpay ဆိုင်ငွေသွားအထုတ်မှာ ပိုက်ဆံပမာဏများများ ထုတ်သူတွေကို စောင့်ကြည့်နေသော စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရပါသည်။

လက်ရှိအချိန်တွင် သဘောကောင်း၊ တာဝန်ကျေပွန်ခဲ့သော ဗော်လန်တီယာ တော်လှန်ရေး ဆက်သားသည် စစ်ကောင်စီရဲ့ ထောင်ထဲကို ရောက်ရှိနေရှာသည်။ သူ၏မှုလစိတ်ထားအတိုင်း ထောင်ထဲမှာပင် အချင်း ချင်းကူညီရိုင်းပင်းနေမည့် နှစ်လိုဖွယ် သူ့မျက်နှာကို မြင်ယောင်မိပါသည်။

#မောင်ချမ်းမြ

error: Content is protected !!