Home > Uncategorized > အညာဒေသရဲ့ အရပ်ဇာတ် (၇)

အညာဒေသရဲ့ အရပ်ဇာတ် (၇)

အညာဒေသရဲ့ အရပ်ဇာတ် (၇)

မောင်ဧက
(မျက်မှောက်ခေတ်)

သေနတ်သံတဒိုင်းဒိုင်း ကြားရပြီးတဲ့နောက် အရပ်ဇာတ်ခုံပေါ်က ကားလိပ် ပွင့်လာပါတယ်။ အညာဒေသ အရပ်ဇာတ်ရဲ့ “အော်ပရာ” အစီစဉ် အစမှာတင် သေနတ်သံတွေ ဆူညံလာတာဖြစ်ပါတယ်။

ပွဲနားနေချိန်အပေါ့အပါးသွားသူတွေ၊ကွမ်းယာ၀ယ်သူတွေနဲ့ကလေးကစားစရာ ၀ယ်သူနေသူတွေက “အော်ပရာ” အစီစဉ် စပြီဆိုတာသိလို့ ပွဲခင်းထဲကို အစုလိုက်၊အဖွဲ့လိုက် ပြန်၀င်လာကြပါပြီ။

အရပ်ဇာတ် အော်ပရာ ရဲ့ နောက်ခံကားလိပ် ပန်းချီမှာ ညှို့ဆိုင်းနေတဲ့ တိမ်တွေနဲ့ လျှပ်စီးတလက်လက် ထနေပုံ ပြသထားတာပါ။

ပန်းချီကားရှေ့ဇာတ်ခုံပေါ်မှာ သေနတ်ကိုယ်စီကိုင်ထားကြတဲ့ လူငယ်တွေက မတရားကိုလိုနီပြုထားတဲ့ စစ်မိစ္ဆာကို တော်လှန်တိုက်ခိုက်ဖို့အတွက် စကားပြောနေကြတာဖြစ်ပါတယ်။

“ဒီတခေါက် စစ်ဆင်ရေးက အရေးကြီးတယ်၊ပြီးခဲ့တဲ့ပွဲကလို အမှားမျိုး မဖြစ်ရအောင် ငါတို့အားလုံး စုစုစည်းစည်း လုပ်ဖို့လိုတယ်” အရပ်ဇာတ်ပွဲစင်ပေါ်မှာ မာန်ပါပါနဲ့ စကားပြောနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင် ရဲ့ စကားကို ပွဲကြည့်ပရိတ်သတ်တွေစိတ်၀င်တစားနားထောင်ကြည့်ရှု့နေကြသလို အရပ်ဇာတ်မှာပါ၀င်သရုပ်ဆောင်နေကြတဲ့ တပ်ဖွဲ့၀င်တွေ ကလည်း သရုပ်ဆောင်ကောင်းကောင်းနဲ့ နာခံနေ
တာ တွေ့ရပါတယ်။

လက်နက်ကိုင်တော်လှန်ရေးလုပ်တဲ့ ဇာတ်လမ်းဖြစ်တာမို့ ခေါင်းဆောင်လုပ်သူရော နောက်လိုက်အဖွဲ့၀င်တွေပါ ခံစားချက်အပြည့်နဲ့ ဖျော်ဖြေတင်ဆက်နေကြတယ်ဆိုပေမယ့် သေသေချာချာ လိုက်ကြည့်မယ်ဆိုရင်တော့ ပြုံးစစ လုပ်နေသူတချို့ကိုလည်း တွေရမှာပါ။

အော်ပရာအစီစဉ်က ဇာတ်လမ်းတို သဘောကပြ ဖျော်ဖြေကြတာဖြစ်လို့ ချစ်ခန်း၊ ကြိုတ်ခန်း၊လွမ်းဆွေးခန်းတွေထက်  လိုတိုရှင်း ကိုပဲ သရုပ် ဆောင် ဖျော်ဖြေကြတာဖြစ်ပါတယ်။

အညာဒေသရဲ့အရပ်ဇာတ်ပွဲ “အော်ပရာ” အစီစဉ်မှာ ကပြဖျော်ဖြေခဲ့ကြတာက မတရား ကိုလိုနီပြုထားတဲ့ စစ်မိစ္ဆာတွေကို တော်လှန်လူငယ်တွေကသက်စွန့်ကြိုးပမ်း တိုက်ခိုက်ကြတာ၊

တော်လှန်လူငယ်တွေနဲ့ ပြည်သူတွေ အတူတကွ ပူးပေါင်းပြီး တော်လှန်ကြတာ၊ ပြည်သူ နဲ့ တော်လှန် ရေးတပ်ဖွဲ့တွေကြား စည်းလုံးမှုမရှိတဲ့အချိန်မှာ စစ်မိစ္ဆာတွေက အကြမ်းဖက် မှုတွေပြုလုပ်ဖို့အခွင့် အရေးရသွားခဲ့တာ၊

အဲ့ဒီလိုအခြေအနေတွေကို ပြည်သူလူထု ကရော၊တော်လှန်ရေးတပ်ဖွဲ့တွေကပါ သဘောပေါက်
သွားပြီး တော်လှန်ရေးတပ်နဲ့ပြည်သူတွေ တစုတစည်းပေါင်းစည်းပြီး တော်လှန်တိုက်ခိုက်လိုက်ချိန်မှာ မတရားကိုလိုနီပြုထား စစ်မိစ္ဆာတွေ ကျရှုံးခဲ့တာကို တခန်းချင်း၊တကွက်ချင်း ကပြဖျော်ဖြေခဲ့တာဖြစ်ပါတယ်။

အော်ပရာ ရဲ့ နောက်ဆုံးအခန်းမှာ စစ်မိစ္ဆာခေါင်း ဆောင်ကြီးက ဒဏ်ရာ၊ ဒဏ်ချက်ပေါင်းစုံနဲ့သေလုဆဲဆဲအချိန် နောက်ဆုံး စကားတစ်ခွန်းပြောပြီး ဇာတ်လမ်းကိုအဆုံးသတ်ခဲ့တာပါ။

စစ်မိစ္ဆာခေါင်းဆောင်ကြီး အသက်မထွက်ခင်
နောက်ဆုံးပြောခဲ့တဲ့ စကားက “ငါမလုပ်ရဲတာ ဘာမှမရှိဘူးကွ” ဆိုတာပဲဖြစ်ပါတယ်။

အရပ်ဇာတ်ပွဲကြည့် ပရိတ်သတ်တွေကတော့အော် ပရာ အစီစဉ်ပြီးလို့ ကားလိပ်ချပြီးချိန်အထိ လက်ခုတ်သံ တသောသော၊ရယ်သံ တဝေါဝေါ နဲ့ ပွဲကျခဲ့ကြပါတယ်။

#မောင်ဧက

error: Content is protected !!