Home > Uncategorized > စစ်အာဏာရှင်ရဲ့ ကြိုးကွင်းစွပ်တာခံရတဲ့ လူငယ်

စစ်အာဏာရှင်ရဲ့ ကြိုးကွင်းစွပ်တာခံရတဲ့ လူငယ်

စစ်အာဏာရှင်ရဲ့ ကြိုးကွင်းစွပ်တာခံရတဲ့ လူငယ်

မောင်ချမ်းမြ

(မျက်မှောက်ခေတ် ရုပ်ပုံလွှာ)

ရုပ်ဖြောင့်ဖြောင့်၊ အသက်နှစ်ဆယ့်ခုနှစ်အရွယ်လူငယ်တစ်ယောက်။အပေါင်း အသင်းမက်ပြီး ပျော်ပျော်နေတတ်သူဖြစ်သည်။ သူ့မျက်နှာကြောက ခပ်တင်းတင်းမို့ အကြောင်းမသိရင် စိတ်မာတဲ့သူတစ်ယောက်လို့ ထင်စရာရှိသည်။ သူ့အကြောင်းသိသူတွေသာ သူဟာ စိတ်ပျော့သူတစ်ယောက်ဖြစ်ကြောင်း သိကြပါသည်။

စစ်အာဏာမသိမ်းခင်က သူသည်လူငယ်တစ်ယောက်၏ ပျော်ရွှင်မှု၊ လွတ်လပ်မှုကို အပြည့်အဝနီးပါး ခံစားခဲ့ရသူတစ်ယောက်ဖြစ်သည်။ အချမ်းသာကြီးမဟုတ်သည့်တိုင် မိဘတွေထောင်ပေးထားသော စတိုးဆိုင်တစ်ခုကို ဦးစီးလုပ်ကိုင်နေသူမို့ ငွေကိုဖောဖောသီသီတော့ သုံးနိုင်သည်။ သူငယ်ချင်းတွေကိုလည်း ကျွေးမွေးနိုင်သည်။

စစ်အာဏာသိမ်းပြီးနောက် သူ့လူငယ်ဘဝသည် လုံးပါးပါးလာခဲ့သည်။ သူ့ပျော်ရွှင်မှုတွေ တဖြည်းဖြည်း ခမ်းခြောက်လာခဲ့သည်။ သူ့ဆိုင်စီးပွားရေး လည်ပတ်မှုတွေ နှောင့်နှေးသွားခဲ့သည်။ သူဦးစီးသည့် စတိုးဆိုင်က သူ့ဇာတိမြို့မှာမဟုတ်။ ချင်းပြည်နယ်ထဲက မြို့တစ်မြို့မှာ ဖွင့်ထားခြင်းဖြစ်သည်။ သူစတိုးဆိုင်ဖွင့်ထားသည့် ချင်းပြည်နယ်မြို့တော်မှာ စစ်ကောင်စီက ပြည်သူတွေကို ဖိနှိပ်မှုတွေဆက်တိုက်လုပ်လာတော့ မိဘတွေက သူ့ကိုစိတ်မချ။ သူ့ကို ဇာတိမြို့ကအိမ်ကိုပြန်ခေါ်ပြီး အစ်မကြီးဖြစ်သူကို ဆိုင်ပြောင်းထိုင်ခိုင်းသည်။

သူ့ဇာတိမြို့မှာ သူ့ချစ်သူရှိသည်။ သုံးနှစ်သုံးမိုးချစ်ခဲ့တဲ့ ချစ်သူမဟုတ်။ ရှစ်နှစ်ရှစ်မိုးချစ်ခဲ့သည့် ချစ်သူဖြစ်ပါသည်။ ဇာတိမြို့လေးကို သူရောက်လာတော့ သူ့ချစ်သူနဲ့ တတွဲတွဲ။ မိဘတွေကလည်း သဘောတူပြီးသားမို့ သူ့ချစ်သူမိန်းကလေးဖွင့်ထားတဲ့ ဆိုင်လေးမှာသူက သွားသွားကူသည်။ နောက်တော့ သူကိုယ်တိုင် အကင်ဆိုင်လေးဖွင့်သည်။ ထိုဆိုင်ဖွင့်ပြီး မကြာမီ သူ့ဘဝအလှည့်အပြောင်းကို ကြုံတွေ့ရတော့သည်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တစ်ခုက စစ်ကောင်စီ၏ ရဟတ်ယာဥ်တစ်စင်းကို ပစ်ချလိုက်သည့် အဖြစ်အပျက်သည် သူ့ကံကြမ္မာနဲ့ ဆက်စပ်နေမည်ဟု သူရော၊ သူနဲ့ပတ်သက်သူတွေရော ဘယ်လိုမှ တွေးခဲ့ကြမည်မဟုတ်ပါ။ စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ပစ်ချခံရတဲ့သတင်း မီဒီယာတွေပေါ်မှာ တက်လာပြီးနောက် ” ငှက်ကင်ရမယ်” ဆိုတဲ့ စာသားတွေကို ပြည်သူတွေက လိုင်းပေါ်မှာ တင်ကြသည်။ မြို့ပေါ်ကလူတွေကတော့ စစ်ကောင်စီရဲ့ စောင့်ကြည့်မှုကြောင့် မတင်ရဲကြ။ သည်လိုအခြေအနေမှာ လွတ်မြောက်နယ်မြေက သူ့ဆရာတစ်ယောက်ရဲ့ ” ငှက်ကင်ရမယ်” ဆိုတဲ့ ပို့စ်အောက်မှာ ကော့မန့်တစ်ခု သူသွားရေးခဲ့မိပါသည်။

သူရေးသည့်ကော့မန့်ကလည်း “ငှက်ကင်တွေရမယ်” ဆိုသည့် စာကြောင်းလေးသာဖြစ်ပါသည်။ ဖြစ်ချင်တော့ ထိုကော်မန့်ကိုပင် မြို့ပေါ်က စစ်ကောင်စီအဖွဲ့ဝင်တွေက မြင်သွားခဲ့သည်။ နောက်တစ်နေ့မှာ သူ့အကင်ဆိုင်ကိုလာပြီး ဒ.က.စ ထဲကို ဖမ်းခေါ်သွားခဲ့သည်။ စစ်ကြောရေးမှာ သူရက်ပိုင်းပဲကြာပါသည်။ သူ့မိဘတွေက သိန်းဆယ်ချီ ပိုက်ဆံနဲ့ရွေးယူကြရသည်။

စစ်ကြောရေးကနေထွက်လာပြီးနောက် သူ့အနေအထား တမျိုးဖြစ်လာသည်။ သူငယ်ချင်းတွေဆီကို အရင်လိုသိပ်မသွားတော့ပါ။ သူ့မိဘတွေက သူနှစ်ရှစ်နှစ်တိုင်တိုင် လက်တွဲခဲ့သည့် ချစ်သူနဲ့ လက်ထပ်ပေးခဲ့သည်။ မင်္ဂလာပွဲတွေမလုပ်တော့ဘဲ ခပ်ကျဥ်းကျဥ်းပဲ လက်ထပ်ပေးခဲ့သည်။ မိန်းမရပြီးနောက် သူ့မိန်းမဘက်က အိမ်ကိုလိုက်ပြီးနေသည်။ သူမိန်းမရပြီးနောက် သူငယ်ချင်းတွေဆီ မလာသလောက်ဖြစ်သွားသည်။ သူငယ်ချင်းတွေကတော့ ဒီကောင်မိန်းမရပြီး အလုပ်တွေသိပ်ကြိုးစားနေသည်ဟု ထင်သည်။ တစ်လဝန်းကျင်အကြာ ၂၀၂၄ ခုနှစ်၊ ဇွန်လထဲက တစ်ခုသောညနေခင်းမှာ…။

သူသည် သူနဲ့ပတ်သက်သည့် သူတွေ ဘယ်လိုမှမထင်မှတ်သည့် နည်းဖြင့် လူ့လောကကို စွန့်ခွာသွားခဲ့ပါသည်။ သူ့မိဘအိမ်ကို စိတ်ပြေလက်ပျောက်ခဏလာနေထိုင်ရင်း သူ့လည်ပင်းကို ကြိုးကွင်းစွပ်ပြီး သူ့မိဘ၊ ရှစ်နှစ်တိုင်တိုင်ချစ်ပြီးမှလက်ထပ်ခဲ့သည့် သူ့ဇနီးအသစ်စက်စက်နှင့် သူငယ်ချင်းအပေါင်းအသင်းတွေကို စွန့်ခွာသွားခဲ့ပါသည်။ ခေတ်ဆိုးကြီးကို ကြောခိုင်းသွားခဲ့ပါသည်။

သူလောကကြီးကို စွန့်ခွာသွားခဲ့သည်မှာ စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ ရရှိခဲ့သည့် စိတ်ဒဏ်ရာတွေကြောင့်ဖြစ်ပါသည်။ သူသည် စစ်အာဏာရှင်က သွယ်ဝိုက်စွပ်ပေးလိုက်သော ကြိုးကွင်းမှာ မိခဲ့ရရှာသည်။ ရင်ကွဲကျန်ရစ်ခဲ့ရသည့် မိဘနှစ်ပါး၊ လတ်လတ်ဆတ်ဆတ်ကြီး အစိမ်းခွဲသွားခြင်းခံလိုက်ရသည့် အိမ်ထောင်သက်လပိုင်းနဲ့ မုဆိုးမလေး။ အားလုံးအတွက် ကြေကွဲစရာအဖြစ်အပျက်တစ်ခု။

ယုတ်မာလှသောစစ်ကောင်စီသည် ဤကဲ့သို့သောနည်းဖြင့် လူငယ်တွေများစွာကို ကြိုးကွင်းစွပ်ပေးနေသည်မှာ အာဏာသိမ်းပြီးကတည်းက ဖြစ်သည်။ ထိုကဲ့သို့သော လူငယ်မျိုးတွေ သင်တို့ဘေးနားမှာရှိခဲ့လျှင် ဂရုစိုက်အားပေးမှု ပြုကြပါလို့ မေတ္တာရပ်ခံလိုက်ပါရစေ…။

#မောင်ချမ်းမြ

error: Content is protected !!