ကျနော်တို့ပြည်သူတွေရဲ့ ပထမရန်သူ
တက်နေထွန်း
(မျက်မှောက်ခေတ် ဆောင်းပါး)
မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်အုပ်စုဟာ ကျနော်တို့ပြည်သူတွေများစွာကို သတ်ဖြတ်ခဲ့တယ်။ ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာတွေကို ဖျက်ဆီးခဲ့တယ်။ ပြည်သူတွေကို အကျဥ်းချထားပြီး ညှင်းပမ်းနိုပ်စက်နေဆဲဖြစ်တယ်။
မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အုပ်စုဟာ ကျနော်တို့ပြည်သူတွေရဲ့ အရက်စက်ဆုံး၊ အယုတ်မာဆုံးရန်သူဖြစ်ပါတယ်။ ဒါပေမယ့် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ ကျနော်တို့အတွက် နံပါတ် ၁ ရန်သူမဟုတ်သေးဘူး။ အနီးကပ်ဆုံး ရန်သူမဟုတ်သေးဘူးလို့ဆိုရင် စာဖတ်သူ အံ့အားသင့်ကောင်းသင့်သွားနိုင်ပါတယ်။ တကယ်ပါ။ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုဟာ ကျနော်တို့ပြည်သူတွေရဲ့ နံပါတ် ၁ ၊ အနီးကပ်ဆုံးရန်သူမဟုတ်ပါဘူး။
တကယ်စေ့စေ့တွေးကြည့်မယ်ဆိုရင် ကျနော်တို့အနီးကပ်ရှိနေတဲ့ ရန်သူတွေ၊ နံပါတ် ၁ ရန်သူတွေကို တွေ့မြင်ရမှာပါ။ အဲဒီအနီးကပ်ရန်သူတွေက ဘာတွေလဲ၊ ဘယ်သူတွေလဲ။ မညီညွတ်မှု၊ အမြင်ကျဥ်းမြောင်းမှု၊ ပညာချို့တဲ့မှုတွေဟာ ကျနော်တို့ရဲ့အနီးကပ်ဆုံးရန်သူတွေပါ။
မညီညွတ်မှုရန်သူ
ကျနော်တို့ပြည်သူတွေရဲ့ တော်လှန်ရေးခရီးဟာ လက်ရှိအချိန်မှာ ခရီးအတော်ရောက်ခဲ့ပြီ၊ ခရီးအတော်ပေါက်ခဲ့ပြီဆိုတာ အားလုံးက လက်ခံကြမှာပါ။ ဒီသုံးနှစ်ကျော်တော်လှန်ရေးခရီးမှာ စစ်ကောင်စီကို တော်လှန်ရင်းနဲ့ပဲ မညီညွတ်မှုရန်သူဟာ ကျနော်တို့ ပြည်သူ့တော်လှန်ရေးကို အင်အားချည့်နဲ့ အောင်လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတာ အလေးအနက်သတိထားကြဖို့လိုပါမယ်။ မညီညွတ်မှုရန်သူကို ဆွေးနွေးတိုင်ပင်ခြင်းနဲ့ အပြတ်ရှင်းထုတ်ပြီး စည်းလုံးညီညွတ်မှုတည်ဆောက်နိုင်မှသာ တော်လှန်ရေးကာလမြန်ဆန်မှာဖြစ်ပါတယ်။ ဒီလိုမှ မလုပ်နိုင်ရင် တော်လှန်ရေးကာလ အချိန်ကြာလေ ပြည်သူတွေပိုပင်ပန်းလေ၊ ပြသနာတွေပိုရှုပ်ထွေးလေဖြစ်လာမယ်ဆိုတာ နိုင်ငံရေးစိတ်ဝင်စားသူတိုင်းသိကြမှာပါ။
အမြင်ကျဥ်းမြောင်းမှုရန်သူ
တော်လှန်ရေးမှာ အမြင်ကျဥ်းမြောင်းလို့မရပါဘူး။ လူမျိုးရေး အမြင်ကျဥ်းမြောင်းမှု၊ ဒေသစွဲအမြင်ကျဥ်းမြောင်းမှု၊ ပုဂ္ဂိုလ်စွဲအမြင်ကျဥ်းမြောင်းမှု၊ ဝါဒစွဲအမြင်ကျဥ်းမြောင်းမှု ၊ ဘာသာရေးအမြင်ကျဥ်းမြောင်းမှုတွေကို တတ်နိုင်သမျှဖယ်ရှားနိုင်ရမှာဖြစ်ပါတယ်။ ဒီအမြင်ကျဥ်းမြောင်းမှုတွေကပဲ ကျနော်တို့ပြည်သူအချင်းချင်း၊ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကို မညီညွတ်မှု ဖြစ်ပေါ်စေတာဖြစ်ပါတယ်။ စစ်အုပ်စုဟာ အမြင်ကျဥ်းမြောင်းမှုကို အခွင့်အရေးယူပြီး ကျနော်တို့ရဲ့ ညီညွတ်မှုကို ဖြိုခွဲဖို့ အစဥ်အဆက်ကြိုးစားခဲ့တယ်ဆိုတာ မမေ့ဖို့လိုပါတယ်။
ပညာချို့တဲ့မှု
ပညာချို့တဲ့တာဟာ လူတိုင်းရဲ့ ပထမရန်သူဖြစ်ပါတယ်။ အသိပညာချို့တဲ့တာ၊ အတတ်ပညာချို့တဲ့တာ နှစ်မျိုးလုံးမကောင်းပေမယ့် လောကမှာ အသိကအခြေခံကျတာမို့ အသိပညာချို့တဲ့တာက ပိုဆိုးပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့နိုင်ငံမှာ ကိုယ့်နိုင်ငံသမိုင်းကို ကောင်းကောင်းမသိသူတွေ သိပ်များပါတယ်။
“ကိုယ့်သမိုင်းကိုယ်မသိတဲ့လူမျိုးဟာ အမြဲတမ်းကြမ္မာငင်တယ်” ဆိုတဲ့ ဂျွန်ရပ်စကင်းရဲ့ စကားအတိုင်းပါပဲ။ ကျနော်တို့တိုင်းပြည်ဟာ ခုချိန်ထိ ကြမ္မာငင်နေတုန်းပါ။
ပညာချို့တဲ့မှုရန်သူကနေ လွတ်မြောက်ဖို့ အလွယ်ဆုံးနီးလမ်းကတော့ စာဖတ်တာပါပဲ။ စာအုပ်စာပေမရှိတဲ့ အရပ်တွေမှာဆိုရင်တော့ သေသေချာချာ သိတဲ့သူတွေကို မေးမြန်းတာ၊ သိတဲ့သူတွေက နားဝင်အောင်ဟောပြောတာတွေ လုပ်ဆောင်သင့်ပါတယ်။
နောက်အရေးကြီးဆုံးတစ်ခုကတော့ ယခုလက်ရှိ ပညာသင်ကြားနေကြတဲ့ ကလေးတွေ၊ လူငယ်တွေကို ပညာရေးနဲ့ပတ်သက်ပြီး တတ်နိုင်သမျှ ဖြည့်ဆည်းပေးကြဖို့၊ အားပေးကြဖို့ပါ။ ဒါမှသာ နိုင်ငံအနာဂတ်က ကောင်းနိုင်မှာမို့ပါ။
မညီညွတ်မှု၊ အမြင်ကျဥ်းမြောင်းမှု၊ ပညာချို့တဲ့မှု ဆိုတဲ့ရန်သူတွေဟာ သူတို့ချင်းချင်းတော့မိတ်ဖက်တွေပါပဲ။ အသိပညာချို့တဲ့တော့ အမြင်ကျဥ်း၊ အမြင်ကျဥ်းတော့ မညီညွတ်။ ဆက်နွယ်နေတာပါ။
ကျနော်တို့ရဲ့အနီးကပ်ဆုံးရန်သူဖြစ်တဲ့ ဒီသုံးခုကို ကျနော်တို့ အနိုင်တိုက်ကျော်လွှားနိုင်ရင် အရက်စက်အယုတ်မာဆုံး မင်းအောင်လှိုင်စစ်အုပ်စုကို အမြစ်မြန်မြန်ဖြတ်နိုင်ရုံမက သာယာတဲ့ နိုင်ငံတော်၊ အရောင်အသွေးစုံတဲ့ နိုင်ငံတော်ကိုပါ တည်ဆောက်သွားနိုင်ကြမှာဖြစ်ပါတယ်။
#တက်နေထွန်း