#မျက်မှောက်ခေတ်ဆောင်းပါးကဏ္ဍ
ခရီးသွားကားတွေရဲ့ အခြားတဖက်
တာပလု ရေးတယ်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ မလုံခြုံတဲ့နေရာအဖြစ် အဆင့်သတ်မှတ်ချက် တွေထွက်ပေါ်လာပါတယ်။
မလုံခြုံမှုအပြင် အန္တရာယ်ရှိတဲ့ အဆင့်သတ်မှတ်ချက် ထွက်ပေါ်လာတဲ့နောက်မှာတော့ ပြည်ပခရီးသွားတွေ မြန်မာနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားပါတယ်။
ခရီးသွားတွေ အလာနည်းသွားတဲ့ ရန်ကုန်မြို့ရဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတချို့မှာတော့
မကြာခဏ မီးပျက်တဲ့ အခြေအနေကို အခွင့်အလမ်းတခုအဖြစ် ဖန်တီးပြီး နှုန်းတားတခု သတ်မှတ်ကာ အဲကွန်းခန်း၊ပန်ကာခန်းရယ်လို့ ဈေးနှုန်းအမျိုးမျိုးနဲ့ နာရီအလိုက် ငှားရမ်းတဲ့ဝန်ဆောင်မှုကို စတင်လာကြပါတယ်။
ခေတ်အခါအလိုက် ဒီလိုမှ ကြံဖန်စီးပွားမရှာဘူးဆိုရင် အခန်းလွတ်ဖြစ်နေတဲ့ ဟိုတယ်တွေမှာ ဧည့်လာဂမုန်းလဲ အကူအညီမပေးနိုင်တော့ဘဲ ဒေဝါလီခံရမယ့်ကိန်း ဆိုက်လာတော့မှာပါ။
အများစုက အပူဒဏ်ကို အသားကျနေသူတွေဖြစ်လို့ အခုလို ဝင်ငွေရှာတဲ့နည်းလမ်းကလဲ အောင်မြင်ပုံမပေါ်ပါဘူး။ ဟိုတယ်တွေရဲ့ မျက်နှာစာက ပန်းအိုးလေးတွတောင် ရေလောင်းပေးသူမရှိလို့ ရေငတ်ပန်းဘဝနဲ့ မျက်နှာငယ်စွာ ကာဗွန်ဒိုင် အောက်ဆိုဒ်ကို အလူးအလဲ ရှူရှိုက်နေကြရကြပုံမျိုးနဲ့ ညိုးနွမ်းနေကြရပါတယ်။
ဧည့်သည်အလာကို စောင့်မျှော်နေတဲ့ ဟိုတယ်တွေရဲ့ပုံရိပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထင်သလောက်မဟုတ်တော့တဲ့ ခရီးသွားလုပ်ငန်းကို ထင်ဟပ်နေတာပဲ ဖြစ်ပါတယ်။
ခရီးသွားအလာနည်းတဲ့ကာလမှာ လမ်းမတွေပေါ်မှာတော့ ခရီးသွားကားတွေက သူ့အစုနဲ့သူ သွားလာနေကြတာကိုလည်း တွေ့ရပါတယ်။
ရထားဂိတ်၊ ကားဂိတ်နဲ့ ခရီးသွားတွေစုရပ်နေရာတွေမှာ ခရီးသွားဝန်ဆောင်မှုပေးနေတဲ့ Express ကားကြီးကားငယ် အသွယ်သွယ်ကိုလည်း တွေ့နိုင်ပါတယ်။
“——ခရီးသွားဝန်ဆောင်မှု” “———–နှင့်ရောင်းရင်းများ” “—–Travel & Tour” စတဲ့ ဗီနိုင်းစာသားတချို့ ရေးထိုးထားတဲ့ သစ်လွင်တောက်ပတဲ့ ခရီးသွားဝန်ဆောင်မှု ကားတချို့ အုံနဲ့ကျင်းနဲ့ တန်းစီထိုးထားတာကို လည်း တွေ့ရပါတယ်။ ဒီလိုတန်းစီထိုးထားပေမယ့် အဲဒီဝန်ဆောင်မှုပေးတဲ့ ယာဉ်အစီးတိုင်းမှာတော့ ခရီးသည်က အပြည့်ပါတယ်လို့ အထင်ရောက်စေနိုင်ပါတယ်။
တကယ်တော့ ခရီးသည် အပြည့်မပါတဲ့ကားတွေဆိုတာကို လိုက်ပါဖူးသူတွေက ပိုပြီးသတိထားမိကြမှာပါ။
“ပြောရမယ်ဆို သူတို့ထိုးခိုင်းတဲ့အချိန်ထိုး၊ထွက်ရမယ့်အချိန်ထွက် ဒီကာလ ခရီးသွားနည်းတယ်။ အခေါက်တိုင်းလိုလိုက ခါလီချည်း မောင်းပေးနေရသလိုပဲဗျာ”လို့ အာဏာသိမ်းကာလမှာ ခရီးသွားဝန်ဆောင်မှုပေးနေတဲ့ ယာဉ်လိုင်းတခုမှာ ယာဉ်မောင်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မိတ်ဆွေတဦးက ရင်ဖွင့်ပါတယ်။
သူနဲ့အတူ ယာဉ်မောင်းလောကမှာ ဘဝရပ်တည်နေသူတွေက ဘယ်ကိုမှန်းမသိတဲ့ အရပ်ဒေသကို ရောက်ရှိသွားကြပြီး သူနဲ့အဆက်အသွယ် မရှိတော့တဲ့အကြောင်း ၊ အခုလုပ်ငန်းဟာလည်း ရေရှည်ရပ်တည်ဖို့ မလွယ်မှန်းတော့ ရိပ်စားမိတဲ့အကြောင်း ပြောပြပါတယ်။
သူအရင်က အဝေးပြေးယာဉ်လိုင်းတခုမှာ ယာဉ်မောင်းအဖြစ် တာဝန်ထမ်းဆောင်စဉ်က နိုင်ငံခြားသားခရီးသည် မရှိဘူးဆိုရင်တောင် တခေါက်ကို ကားတစီးကို သုံးယောက်လေးယောက်လောက်တော့ ပါတတ်တယ်။အခုတော့ မရှိမဲ့ရှိမဲ့ ပြည်တွင်းက ခရီးသွားသူတွေကိုသာ အားကိုးနေရတာဖြစ်တယ်လို့ ပြောရှာပါတယ်။
အောင်ဆန်းကွင်း၊တာမွေ၊လှည်းတန်း၊အင်းစိန် မြောက်များလှစွာသော စုရပ်ဆုံရပ်တွေမှာလည်း ခရီးသည်က ထင်သလောက် မပါပါဘူး။ လူချောင်နေတဲ့ ကားကြီးပေါ်မှာ ခြောက်ကပ်ကပ်နဲ့ပဲ ခရီးသွားသူတချို့ လိုက်ပါစီးနင်းကြတာ ဖြစ်ပါတယ်။ အပြင်ပမ်းကြည့်မယ်ဆို ခရီးသွားကားတွေက သူ့ထက်ငါကောင်း အပြိုင်အဆိုင် မောင်းနှင်သွားကြတာကိုတော့ မြင်ရမှာပါ။တကယ်တမ်းတော့ ကားထဲက ဟာလာဟင်းလင်းဖြစ်နေတဲ့ ထိုက်ခုံအလွတ်တွေကို အပြင်က ဘယ်သူကမှ မမြင်နိုင်ကြပါ။
“မင်္ဂလာပါ ကျနော်၊ ကျမတို့ရဲ့ ခရီးသွားဝန်ဆောင်မှုကနေ ကြိုဆိုပါတယ်။ အခုကျနော်တို့ရဲ့ ——–ကားကြီးဟာဆိုရင် ရန်ကုန်မြို့ကနေ ….ကို စတင်ထွက်ခွာနေပြီ ဖြစ်ပါတယ်။ကျနော် ကျမတို့ရဲ့ ခရီးသွားဝန်ဆောင်မှုမှာ အခုလိုလိုက်ပါစီးနင်း အားပေးတဲ့အတွက် ——- ခရီးသွားလုပ်ငန်းရဲ့ကိုယ်စား ကျနော်ကနေ ကျေးဇူးအထူးတင်ပါတယ်။ကျနော်တို့ရဲ့ ကားကြီးဟာဆိုရင် မိုင်တိုင်အမှတ် ———– မှာ ညစာ စားသောက်ဖို့ ရပ်နားမှာဖြစ်ပြီး မိုင်တိုင်အမှတ် ——— မှာတော့ ခေတ္တနားပြီး အိပ်စက်မှာ ဖြစ်ပါတယ်။ဒီလိုအိပ်စက်ဖို့က ကားပေါ်မှာပဲ အိပ်စက်ကြရမှာဖြစ်ပါတယ်။လူမနီးသူမနီးတဲ့နေရာမှာ နားကြရတာဖြစ်လို့ တောင်းပန်ချင်ပါတယ်ခင်ဗျာ။ ခေတ်ကာလအခြေအနေအရ မနက်မိုးလင်းမှ လမ်းဖွင့်မှာဖြစ်တဲ့အတွက် အခုလို နားခိုကြရတာ ဖြစ်ပါတယ်။လူမနီးသူမနီးလို့ မကြောက်ကြပါနဲ့ ။ကျနော်တို့တစီးထဲ ရှိမှာမဟုတ်ပါဘူး။တခြားကားတွေလဲ ကျနော်တို့နည်းတူ နားကြမှာဖြစ်လို့ ပြင်းစရာမကောင်းသလို ကြောက်စရာလဲ မရှိပါဘူးခင်ဗျာ”
အဲဒီနောက်တော့ ဝန်ဆောင်မှုမှာပါတဲ့အစီအစဉ်ကို ဆက်ရှင်းပြပြီး လမ်းခရီးမှာ ကြုံရနိုင်တာတွေနဲ့ ဘယ်သူက ဘယ်တာဝန် ယူထားကြတယ်ဆိုတာကိုလည်း တယောက်ချင်း မိတ်ဆက် ရှင်းပြကြပါတယ်။
အမြန်လမ်းမပေါ်က ကားတွေရဲ့ နှဖူးစည်းပေါ်မှာ ခရီးသွားဝန်ဆောင်မှု နာမည်တခုခု ရေးထိုးထားတဲ့ကားတွေ အပြိုင်အဆိုင် မောင်းနှင်နေကြပါတယ်။ ဘယ်လောက်ပဲ အပြိုင်အဆိုင် မောင်းနှင်ကြပေမယ့် သူတို့သတ်မှတ်ထားတဲ့ စားသောက်ဆိုင် တခုခုမှာတော့ အချိန်တခုထဲ ဆိုက်ရောက်ကြတာပါ။
စစ်ဆေးရေးဂိတ်ပေါင်းများစွာကို တဖြတ်တဖြတ် ကျော်ဖြတ်လာရတာဖြစ်လို့ အချိန်တညီတည်း ဆိုက်ရောက်ကြတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ကားအစီးရေများများ၊ ကားပေါ်ပါလာကြတဲ့ ဝန်ထမ်းတွေကများများ၊ ခရီးသွားသူတွေကတော့ နည်းနည်းပေါ့။
ဒီနေရာမှာ မေးခွန်းထုတ်စရာက ခရီးသည်နည်းပါးတဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ငန်းက အဝေးပြေးကားလမ်းမပေါ်မှာ ဘာလို့များ မှိုလိုပေါက်နေရသလဲ ဆိုတာပါ။
ခရီးသွားလုပ်ငန်းအဝန်းအဝိုင်းက မှတ်ချက်တချို့ ထွက်ပေါ်လာပါတယ်။ “ငွေမည်းကနေ ငွေဖြူဖြစ်အောင်လုပ်လို့ရတဲ့ နည်းလမ်းတခုလို့ မြင်တယ်။ Express ကားကြီးပေါ်မှာ တချို့ဆို လူဆယ်ယောက်တောင် ခရီးသည်ပါတာမဟုတ်ဘူးလေ။ ဘယ်သူကမှ ခရီးသွား ပါမပါ လာစစ်မှာလဲ မဟုတ်ဘူး။တလကို ခရီးသွားဘယ်နှယောက် ပို့ဆောင်ရသလဲဆိုတာ သူတို့ပါးစပ်ထဲမှာပဲ ရှိတာပါ။ခရီးသည်အများကြီးကို ပို့တယ်။ဝင်ငွေအများကြီးရနေတဲ့ ပုံမှားရိုက်နည်းတမျိုးလို့ မြင်ပါတယ်။ ခရီးသွားလုပ်ငန်းကို အယောင်ပြထားပြီး တဖက်မှာ မူးယစ်ဆေးလိုအရာတွေနဲ့ ဝင်ငွေကို သောက်သောက်လဲ ရနေတာမျိုးကို ဘယ်သူမှ မစစ်သလို ဘယ်သူမှလဲ ဖမ်းဖို့ဆီးလုပ်မှာမဟုတ်ပါဘူး”
ခရီးသွားဝန်ဆောင်မှု ပေးနေတဲ့ အများစုက စစ်ကောင်စီကို ကျောထောက်နောက်ခံပြုတဲ့ လုပ်ငန်းတွေဖြစ်နေတာ၊ ရာထူးကြီး ပုဂ္ဂိုလ်တဦးဦး ပါဝင်ပတ်သက်နေတာမျိုး ရှိနေခြင်းက ခရီးသွားသူမရှိဘဲ ခရီးသွားကားတွေကို လမ်းမတွေပေါ်မှာ တွေ့နေကြရတာဖြစ်တယ်လို့ ဝေဖန်သံတွေလည်း ထွက်ပေါ်လာပါတယ်။ဘယ်လိုပဲ ဝေဖန်သံတွေ ထွက်ပေါ်နေပါစေ ခရီးသည်တယောက်စ နှစ်ယောက်စပါတဲ့ ခါလီလို မောင်းနှင်နေရတဲ့ ခရီးသွကားတွေကို တွေ့မြင်နေရဦးမယ် ထင်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်က ပုဂံကို ပြည်တွင်းခရီးသွား လေးသိန်း ခုနှစ်သောင်းကျော် (၄၇၄,၅၅၄ ဦး)နဲ့ နိုင်ငံခြားသား ခရီးသွား တသောင်းခွဲလောက် (၁၄,၉၂၇ဦး) လာတယ်လို့ စစ်ကောင်စီရဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန(ပုဂံ)ရဲ့ စာရင်းတွေမှာ တွေ့ရပါတယ်။အသေးစိတ် ဖော်ပြထားတာမျိုးတော့ မဟုတ်ပါဘူး။တကယ်မြေပြင်ကလာတဲ့ စာရင်းအမှန်ကို ရရှိတာလား။ လက်ဖြစ်စာရင်းကို ရရှိပြီး ထုတ်ပြန်ထားတာလား ဆိုတာကိုတော့ မှန်းဆရ ခက်ပါတယ်။
ခရီးသွားလုပ်ငန်းကို အမှီပြု လုပ်ကိုင်ကြတဲ့ ဒေသတွေမှာတော့ ခရီးသွားလာသူတွေ နည်းပါးသွားတဲ့ နောက်ဆက်တွဲ ထိခိုက်မှုက စားဝတ်နေရေး ကျပ်တည်းခြင်းနဲ့ ရင်ဆိုင်လာကြရတာပါပဲ။ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာက နိုင်ငံရေး တည်ငြိမ်မှု ၊နယ်မြေလုံခြုံ စိတ်ချရမှုတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတာပဲ ဖြစ်ပါတယ်။
မတည်ငြိမ်မှုတွေကြားထဲကပဲ ခရီးသွားဝန်ဆောင်မှုပေးနေတဲ့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်ကနေ ပရိုမိုးရှင်း အမျိုးမျိုးနဲ့ ခရီးသည်ပို့ဆောင်ပေးဖို့အတွက် မြှူဆွယ်နေကြပါတယ်။ ပေးရတဲ့ဈေးနဲ့ နှစ်ဆသုံးဆမကတဲ့ ဝန်ဆောင်မှုကောင်းကောင်းကိုလည်း ရရှိဦးမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်ဝင်ငွေကလေးနဲ့ စုဆောင်းပြီး ဒီလမ်းခရီးကို သွားမယ်ဆိုရင်တောင် အခုလိုဟိုတယ်ကောင်းကောင်း ၊အစားအသောက် အလျှံပယ်ကျွေးမွေးတဲ့ ဝန်ဆောင်မှုကောင်းကောင်းကို ရရှိနိုင်မယ် မထင်ပါဘူး။
ဘယ်လိုပဲ ဝန်ဆောင်မှုကောင်းတွေနဲ့ စည်းရုံးနေစေကာမူ အကျပ်အတည်းတွေကြားမှာ ရတတ်အေးအေးနဲ့ ခရီးသွားကြဖို့ ဆိုတာကို စိတ်ဝင်စားနိုင်ကြမယ် မထင်ပါ။
စစ်ကောင်စီရဲ့ တရစ်ပြီးတရစ် တင်းကျပ်လိုက်တဲ့ စီမံချက်တွေကြောင့် ကိုယ့်အရပ် ကိုယ့်ဒေသကနေ တနယ်တကျေးကို ထွက်ခွာလာတာ ထုနဲ့ဒေး ရှိလာပါတယ်။ တောရောမြို့ပါမကျန် ကိုယ့်အိမ်ကိုယ့်ယာကို စွန့်ခွာသွားကြရတာလဲ ဖြစ်ပါတယ်။
ဒီလိုတင်းကျပ်တဲ့ အခြေအနေတွေကြားမှာ သာယာလှပတဲ့ နေရာတခုခုကို အပမ်းဖြေ ခရီးထွက်ဖို့ထက် ကိုယ့်အသက်အန္တရာယ် လုံခြုံရာ နေရာကိုပဲ ရှာကြံနေကြရတာလဲ ဖြစ်ပါတယ်။
ဘယ်လိုပဲ အခြေအနေ အကြောင်းမျိုးတွေ ရှိနေပါစေ လမ်းမပေါ်က ခရီးသွားကားတွေကို တွေ့နိုင်ပါတယ်။
#တာပလု