Home > Uncategorized > “လယ်စိုက်ဧက လျော့လာတယ်”

“လယ်စိုက်ဧက လျော့လာတယ်”

“လယ်စိုက်ဧက လျော့လာတယ်”

တာပလု

မျက်မှောက်ခေတ်

ထုတ်လုပ်သူနဲ့ စားသုံးသူ အချိုးမညီမျှရင် စာသုံးသူအတွက်တော့ ပိုပြီးဝန်ပိစေမှာလို့တွေးမိတယ်။ ဝင်ငွေရှိရင်တောင် ဝယ်စားလို့မရတာမျိုးလဲ ဖြစ်နိုင်တာပဲမဟုတ်လား။

တခါတလေ ထုတ်လုပ်သူဟာလဲ သူထုတ်လုပ်တဲ့ ကုန်ပစ္စည်း၊ စားသောက်ကုန်ကို မထုတ်လုပ်နိုင်ရင် သူကိုယ်တိုင် စားသုံးသူအဖြစ်နဲ့ ဖြစ်သွားစေမှာပါလို့ တွေးမိတယ်။ ဘောဂဗေဒ အရတော့ မတွက်တတ်ပါဘူး။ လတ်တလောကြားရတဲ့ သတင်းတခုကြောင့် တွေးမိတဲ့ အရာတွေ တခုချင်းပေါ်လာပါတယ်။

လယ်သမားက လယ်မစိုက်ရင် စပါးမထွက်ရင် ဆန်ဝယ်စားတဲ့ သူတွေအတွက် ဈေးကြီးဝယ်စားရမယ်။ စိုက်ပျိုးထားတာလေး ထွက်နေသေးရင် ဈေးကြီးပါပြီရဲ့ ဝယ်စားစရာ ရှိနေသေးတယ်ပေါ့။ လယ်သမားဟာ စပါးမစိုက်ရဘူး။ စပါးမစိုက်ရရင် ဆန်မထွက်ဘူးဆိုရင် စပါးမစိုက်တဲ့ စားသုံးသူရော၊ လယ်သမားပါ ဝယ်စားစရာဆန် ရှိပါတော့မလားဆိုတဲ့ အတွေးက ခေါင်းထဲဝင်လာတာပါ။

လတ်တလောဖတ်မိတဲ့သတင်းက ဧရာဝတီတိုင်းက လယ်စိုက်ဧကတွေ ထက်ဝက်‌ လျော့ကျသွားတယ်ဆိုတဲ့အကြောင်းပါ။ တကယ်လဲ အခြေအနေတွေက အခုလိုတွန်းပို့တာလို့ ပြောလို့ရမှာပါ။

ဒီသတင်းဖတ်မိတော့ တရွာထဲနေ ညီတယောက်အကြောင်း ပြေးသတိရမိတယ်။ သူ့အဖေနဲ့ ကျနော့်အဖေက တကယ်ခင်မင်ကြတဲ့မိတ်ဆွေတွေပါ။ တဖက်မှာ အမေဘက်ကကြည့်ရင်လဲ သူနဲ့ကျနော်က သွေးသားမကင်းပါဘူး။

ကျနော့်ညီအကြောင်း ပြန်တွေးမိတာပါ။ သူထိုင်းနိုင်ငံရောက်ပြီဆိုတဲ့အကြောင်း ဖုန်းပြောဖြစ်ကြတယ်။

“ရောက်တာမကြာသေးဘူး၊ ဘာအလုပ်မှလဲမရှိဘူး၊ အလုပ်မရှိတော့ မနေတတ်ဘူးလေ၊ အလုပ်တော့ရှာနေတုန်းပဲ” သူပြောပြတဲ့ အလုပ်မရှိလို့ မနေတတ်ဘူးဆိုတဲ့အချက်နဲ့ ဝက်ခြံထဲမှာ အလုပ်ရဖို့ ကမ်းလှမ်းထားတယ်ဆိုတဲ့အချက်က ကျနော့်အတွက်တော့ စိတ်ထဲမကောင်းစရာ ဖြစ်စေပါတယ်။

သူကရွာမှာ လယ်စိုက်တဲ့ ဧကကိုပြောပြရရင် လုပ်ကွက်ကြီးတောင်သူလို့ ပြောလို့ရပါတယ်။ လုပ်ကွက်ငယ်တောင်သူတွေကတော့ ရွာမှာပြောက်သွားကြတာကြာပါပြီ။ လုပ်ကွက်ကြီးလို့ စာအရပြောရပေမယ့် ရွာမှာတော့ သူတို့ကို လက်ကြီးသမားတွေလို့ခေါ်ပါတယ်။

လယ်ဧက‌ပေါင်း ၁၀၀ ကျော်လုပ်ကိုင်သူတွေကို ရွာမှာ လက်ကြီးသမားလို့ ခေါ်ပါတယ်။ အဖေက မကြာခဏအိမ်မှာ ပြောလေ့ရှိတယ်။ “မန်းနီတို့က လက်ကြီးသမားတွေ၊ လယ်ကြီးပြီး မုရင်း၊ မုရင်းပြီးတော့လဲ ကွမ်းကစိုက်သေးတယ်၊ ကိုယ်တွေကတေ့ နှပ်ချေးနဲ့ ယင်ထောင်ရ‌တဲ့သူတွေပါ” ဆိုပြီး ပြောတတ်ပါတယ်။

မန်းနီဆိုတာ ကျနော့်ညီရဲ့ အဖေပါပဲ။ နွေစပါးကို မုရင်းလို့ခေါ်ကြတယ်။ မိုးစပါးကိုတော့ လယ်ကြီးလို့ခေါ်ကြတာ။ ကြားမှာ ယားခင်းအဖြစ်နဲ့ သီးနှံတမျိုးမျိုးနဲ့ ဈေးကောင်းရတဲ့ ကွမ်းလိုအရာကို စိုက်ကြပါသေးတယ်။

နွေစပါးကို ဧကပေါင်း ၁၀၀ ကျော်နဲ့ မိုးစပါးကိုလည်း ဧကပေါင်း ၁၀၀ ကျော်စိုက်ကြတဲ့အပြင် ကွမ်းကို အပင်ပေါင်း သောင်းနဲ့ချီပြီး စိုက်နိုင်ပျိုးနိုင်ကြသူတွေလည်းဖြစ်ပါတယ်။

အရင်းအနှီးတတ်နိုင်တဲ့သူတွေ၊ စိုက်ဖို့ပျိုးဖို့အတွက် ငွေမရှာရတဲ့သူတွေ၊ ဒီနှစ်ကရတဲ့ ဝင်ငွေကိုနောက်တနှစ်ရင်းနှီးစိုက်ပျိုးဖို့အတွက် အချိုးညီညီ လည်ပတ်နိုင်သူတွေပါ။ အရင်းကြီးကြီးနဲ့ အမြတ်ထွက် မြိုးမြိုးမျက်မျက် ရကြသူတွေလို့ ပြောလို့ရပါတယ်။

ရာသီသုံးပါးစလုံး အလုပ်နဲ့လက်နဲ့ မပြတ်ကြတဲ့သူတွေလို့လဲ ပြောလို့ရပါတယ်။ နွေးစပါးပြီး မိုးစပါးစိုက်ဖို့ ပြင်ရတယ်။ မိုးစပါးပြီးတော့လည်း ဆောင်းသီးနှံစိုက်ကြသူ‌တွေပါ။

ဒီလိုလူတွေကို ပြည်ပရောက်အောင် တွန်းပို့လိုက်တဲ့အချက်က စစ်ကောင်စီရဲ့ စစ်မူထမ်းဥပဒေပါပဲ။ လယ်ဧကပေါင်း ၂၀၀ ကျော်တဲ့ လယ်စိုက်ခင်းတွေကို ကျောခိုင်းပြီး ထိုင်းနိုင်ငံက ဝက်မွေးမြူရေးခြံမှာ အလုပ်ရဖို့ ထိုင်စောင့်နေတာ ကြာပါပြီ ။အခုချိန်ထိလဲ အလုပ်ကဘယ်ဆီနေမှန်း မသိသေးပါဘူး။

ထိုင်းနိုင်ငံကို ရောက်တာအခုတကြိမ်ဆို နှစ်ကြိမ်မြောက်ဖြစ်ပါတယ်။ ကျောခိုင်းလာခဲ့ရတဲ့ လုပ်ငန်းခွင်ကို သံယောဇဉ်မပြတ်တာရော၊ လက်ရှိ ရေခြားမြေခြားအရပ်မှာ အလုပ်မရသေးတာရော နေမထိထိုင်မသာဖြစ်ပြီး အိမ်ကို ပြန်ရောက်သွားပါသေးတယ်။

မကြာပါဘူး။ ထိုင်းနိုင်ငံကို ပြန်ထွက်လာရတာပါပဲ။ ရွာမှာ လူငယ်လူရွယ်တွေ တယောက်တလေမှ မကျန်တော့ပါဘူး။ ကျန်ခဲ့ကြတဲ့ ယောက်ကျားသားတွေဆို မသန်စွမ်း စာရင်းပေါက်တဲ့သူတွေလောက်သာ ကျန်ပါတော့တယ်။

လုပ်နိုင်ကိုင်နိုင် ပြေးနိုင်လွားနိုင်တဲ့ ယောက်ျားသားတွေ ရွာမှာရှိနေသေးရင် စာရင်းလာထည့်ဖို့၊ စာရင်းလာပေးဖို့အတွက် တောင်းခံနေတာဖြစ်လို့ ဘယ်လိုပဲ လယ်ယာလုပ်ငန်းခွင်ကို သံယောဇဉ်ရှိရှိ စွန့်ခွာထွက်ပြေးကြဖို့ကိုသာ မိဘဆွေမျိုးတွေက တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။

မတတ်သာတဲ့အဆုံး ၂ လအတွင်းမှာထိုင်းနိုင်ငံကို နောက်တကြိမ်ထွက်လာဖို့ လုပ်ရပါတော့တယ်။  နီးရာမိတ်ဆွေတချို့ရဲ့ မှတ်ချက်က “သူတို့တွေက ငွေကြေးတတ်နိုင်သူတွေလေ၊ ကိုယ်တွေကသူတို့လို လုပ်လို့မှမရတာ၊ ပြန်သွားပြီဆိုတာနဲ့ ပြန်လာဖို့ မလွယ်တော့ဘူးလေ”

တနယ်တကျေး ရေခြားမြေခြားအရပ်မှာ အထောက်အထားမရှိတာကလဲ ခြောက်ခြားစရာတခုလို ရင်ဆိုင်ကြုံတွေ့ရပြန်ပါတယ်။ လတ်တလော ထိုင်းနိုင်ငံရဲ့ တရားမဝင်နေထိုင်သူတွေ၊ တရားမဝင်အလုပ်သမားတွေကို ပိုက်စိတ်တိုက်ဖမ်းဆီးဖို့ စီမံချက်ချပြီး ဆောင်ရွက်နေတယ်ဆိုတဲ့ သတင်းကလဲ ခြောက်ခြားရတဲ့ အ‌ခြေအနေတခု ဖြစ်နေပါတယ်။

အရှေ့က အဖေနဲ့ ဦးလေတွေက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခဲ့ဖူးသလို ဘတ်ရိုက်တယ်ဆိုတဲ့အစီအစဉ်ကိုလည်း ကြုံခဲ့ဖူးကြသူတွေဖြစ်ပါတယ်။ သူတို့တွေရဲ့ အပြောအရတော့ ထိုင်းအစိုးရက နှစ်စဉ် ဇွန်လမှာ ဘတ်ရိုက်တာကို ပုံမှန်လုပ်ပေးကြတာ၊ သူတို့ကိုယ်တိုင်လဲ လုပ်ဖူးတဲ့အကြောင်း ပြောပြချက်က တရားမဝင်လာခဲ့ကြသူတွေအဖို့တော့ မျှော်လင့်ချက် ကောက်ရိုးတမျှင် ဖြစ်ခဲ့ကြပါတယ်။

အခုတော့ အဲ့ဒီမျှော်လင့်ချက်ဟာလဲ ဝေဝေဝါးဝါးနဲ့ ဘယ်အချိန် အဖမ်းခံထိမလဲဆိုတဲ့ စိုးရိမ်စိတ်တွေက ကြီးစိုးလို့လာနေပါတယ်။

လယ်မြေဧကပေါင်းရာချီကို စွန့်ခွာလာခဲ့ရသူ့အဖို့ သူဦးစီးဦးဆောင်လုပ်မယ့် လယ်မြေတွေပေါ်မှာတော့ ဒီနှစ်မိုးရာသီ မိုးစပါးစိုက်ချိန်မှာ လယ်ထွန်နေတဲ့ စက်သံ၊ နွားမောင်းနေတဲ့ အသံတွေ၊ စိုက်ကြပျိုးကြမယ့် သူတွေရဲ့အသံတွေတော့ ဆိတ်သုန်းသွားပါပြီ။

လယ်မြေတွေပေါ်မှာ စပါးပင်တွေအစား မြက်ပင်တွေသာ နေရာယူပေါက်ရောက်လို့နေမှာပါ။ လယ်သမားက စပါးမစိုက်ရတဲ့အခါ ဘယ်လိုအခြေအနေမျိုးတွေ ဆိုက်ရောက်လာလေမလဲ မတွေးဝံစရာပါပဲ။

#တာပလု

error: Content is protected !!