Home > သတင်း > စစ်ရေး > ထယ်လှော်(ဘင်း)ရွာတွင် ပေါက်ကွဲသံကြားရပြီး နေအိမ်တချို့ မီးလောင်

ထယ်လှော်(ဘင်း)ရွာတွင် ပေါက်ကွဲသံကြားရပြီး နေအိမ်တချို့ မီးလောင်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါ-ကလေးကားလမ်းမပေါ်ရှိ ထယ်လှော်(ဘင်း)ရွာတွင် အောက်တိုဘာလ ၃ ရက်နေ့ မနက်၇ နာရီခန့်အချိန်က ပေါက်ကွဲသံတခုကြားရပြီး နေအိမ်တချို့ မီးလောင်နေတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

“အဝေးကမြင်ရတာဆိုတော့ ရွာထဲကဆိုတော့ အိမ်ပဲဖြစ်မှာ။ ပေါက်ကွဲသံအကျယ်ကြီးကြားရပြီး မီးခိုးတွေထွက်လာတာပဲ။ အသေးစိပ်တော့ မသိရသေးဘူး။” လို့ ဒေသခံတဦးက ပြောပါတယ်။

မနေ့ကလည်း ချင်းလူမျိုးအများစုနေထိုင်တဲ့ ထယ်လှော်(ဘင်း)ရွာ အနောက်ခြမ်းက နေအိမ် ၇ လုံးထက်မနည်း မီးရှို့ခံခဲ့ရပါသေးတယ်။ ထာ်လှော်(ဘင်း)ရွာက အခုလအတွင်း မီးရှို့ခံရမှုအနေနဲ့ ဒီနေ့အပါအဝင် သုံးကြိမ်ရှိပြီဖြစ်ပါတယ်။ ဂန့်ဂေါ-ကလေးကားလမ်းပေါ်က ထယ်လှော်(ဘင်း)နှင့် နှမ်းခါးစတဲ့ကျေးရွာတွေက စစ်ကောင်စီအကြမ်းဖက်တပ်တွေရဲ့ ဝင်ရောက်မွှေနှောက်တာ၊ မီးရှို့တာ မကြာခဏ ခံနေရပါတယ်။

လက်ရှိမှာလည်း ကားလမ်းဖြတ်သွားတဲ့ ကျွန်းဒတ်၊ ထယ်လှော်(ဘင်း)၊ မွှေ့လယ်၊ နှမ်းခါး၊ တောင်ခင်ရန်း၊ ဟံသာဝတီ စတဲ့ကျေးရွာတွေမှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေက ဝင်ရောက်တပ်စွဲထားပါတယ်။ အခုရက်ပိုင်းအတွင်း ဂန့်ဂေါ-ကလေးလမ်းမှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေက နယ်မြေစိုးမိုးရေးလုပ်ဆောင်နေလို့ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ ချုံခိုတိုက်ခိုက်မှုတွေလည်း ရှိနေပြီး စစ်ကောင်စီအကြမ်းဖက်တပ်သားတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် စစ်ကောင်စီအကြမ်းဖက်တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူတချို့လည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိနေဆဲဖြစ်ပါတယ်။

ဂန့်ဂေါမြို့နယ်က အင်တာနက်ဖြတ်တောက်ခံထားရပြီး သတင်းအမှောင်ချ စစ်အင်အားတိုးချဲ့နေကာ ဂန့်ဂေါ-ကလေးလမ်းက စစ်ရေးတင်းမာနေတဲ့အတွက် ခရီးသည်ကား၊ ကုန်ကား၊ အိမ်စီးကားတွေအနေနဲ့ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေက အသိပေးမေတ္တာရပ်ခံထားပါတယ်။

#မျက်မှောက်ခေတ် #စစ်အာဏာရှင်ဆန့်ကျင်ရေး #ဂန့်ဂေါ_ကလေးလမ်း #ထယ်လှော်ရွာ #ဂန့်ဂေါမြို့နယ်

error: Content is protected !!