စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ တဲစု-ပျဉ်ထောင်လမ်းခွဲတွင် ပြည်သူသုံးဦး အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီအကြမ်းဖက်တပ်တွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ အဆိုပါ ဖမ်းဆီးခံရသူ အမျိုးသားသုံးဦးကို စစ်ကောင်စီအကြမ်းဖက်တပ်တွေက ပျဉ်ထောင်ရွာသင်္ချိုင်းကို ခေါ်ဆောင်ကာ ဝမ်းလျားမှောက်ခိုင်းပြီး ဦးခေါင်းကို ချိန်ရွယ် ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်သတ်ခံရသူတွေက တဲစုရွာသားတွေဖြစ်ပြီး ဦးစိန်ပို (၆၀ နှစ်)၊ ကိုဘာဂျာ (၃၈ နှစ်)နှင့် ကိုအောင်ဖြိုးဦး။(၃၅ နှစ်)တို့ဖြစ်တယ်လို့ သိရပါတယ်။ သူတို့က ပျဉ်ထောင်ရွာကို စစ်ကောင်စီအကြမ်းဖက်တပ်တွေ ဝင်မွှေစဉ်မှာ ဘေးလွတ်ရာ တိမ်းရှောင်နေကြတာဖြစ်ပြီး အိမ်မှာကျန်ခဲ့တဲ့ တိရစ္ဆာန်တွေကို အစာကျွေးဖို့ ပြန်တဲ့အချိန်မှာ အခုလို ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ခင်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က စစ်ကောင်စီအကြမ်းဖက်တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တဦးအပါအဝင် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသား ၂ ဦး စုစုပေါင်းအရပ်သား ၄ ဦး သေနတ်ထိမှန်သေဆုံးခဲ့ပြီး နေအိမ်တလုံးလည်း မီးလောင်ဆုံးရှုံးခဲ့ကာ ၁ လုံးဖျက်ဆီးခံခဲ့ရပါတယ်။
ဒီအတွက် တောကြီးမြွေဟောက်အဖွဲ့ကနေ ပျဉ်ထောင်ရွာက သတင်းပေးဒလန် ပျူစောထီးလို့ သတ်မှတ်ခံထားရသူ သုံးဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ကြေညာထားပါတယ်။ ဒါ့အပြင် တောကြီးမြွေဟောက်ရဲ့ ခင်ဦးမြို့နယ်အတွင်း ဒလန်ရှင်းလင်းမှု ၃၁ ယောက်မြောက်အဖြစ် ငါးတင်ကြီးကျေးရွာက ဒလန်လို့သတ်မှတ်ခံထားရသူ အသက် ၄၅ နှစ်အရွယ် ကျော်သူရဆိုသူတဦးကို အောက်တိုဘာလ ၄ ရက်နေ့ မနက်ပိုင်းက သုတ်သင်ရှင်းလင်းခဲ့တယ်လို့လည်း ထပ်မံဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီအကြမ်းဖက်တပ်က အကြမ်းဖက်မှု မျိုးစုံကို ကျူးလွန်နေပြီး စစ်အင်အားတိုးချဲ့နေကာ အပြစ်မဲ့ အရပ်သားတွေကိုပါ နေ့စဉ် သတ်ဖြတ်ျနတာလည်း ဖြစ်ပါတယ်။
#မျက်မှောက်ခေတ် #စစ်အာဏာရှင်ဆန့်ကျင်ရေး #ဖမ်းဆီးပစ်သတ်ခံရ #အရပ်သား #ခင်ဦးမြို့နယ်