Home > သတင်း > စစ်ရေး > ယောဒေသ ဂန့်ဂေါ-ကလေးလမ်းတွင် တိုက်ပွဲဖြစ်ပွားနေ

မကွေးတိုင်း၊ ယောဒေသ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ဂန့်ဂေါ-ကလေး ကားလမ်းမပေါ်တွင် စစ်ကောင်စီအကြမ်းဖက်တပ်တွေနှင့် ဒေသကာကွယ်ရေးတပ်တွေ အောက်တိုဘာလ ၂ ရက်နေ့ မနက်အစောပိုင်းက စတင်ကာ တိုက်ပွဲဖြစ်ပွားနေပါတယ်။ ဂန့်ဂေါမြို့နယ်က အင်တာနက် ဖြတ်တောက်ခံထားရတဲ့ မြို့နယ်တွေထဲက တခုအပါအဝင်ဖြစ်ပြီး စစ်ကောင်စီအကြမ်းဖက်တပ်တွေက အခုရက်ပိုင်းအတွင်း စစ်အင်အားတိုးချဲ့ကာ အကြီးအကျယ် ထိုးစစ်ဆင်နေတာပါ။

“ဒီမနက်တော့ ဘော်ပြင်းရွာနား ဝါးရှင်းချောင်းနားမှာရယ်၊ ဘင်းမှာရယ်၊ မောက်လမ်းခွဲနားမှာရယ် တိုက်ပွဲဖြစ်နေတယ်။ မနေ့က တောင်ကလာတဲ့ကားတွေ မိုင်းမိတာ နှစ်စီးတော့ လန်သွားတယ်။ လူဖြန့်တာလည်း မိုင်းမိတယ်လို့ သိရတယ်။ လောလောဆယ်တော့ ဟားခါးလမ်းခွဲမှာ တဖွဲ့က အထိုင်ချပြီး လက်နက်ကြီးပစ်ကူနဲ့ ပစ်နေတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။

ဂန့်ဂေါမြို့နယ် မြောက်ဖက်ပိုင်းဒေသတွေကို စစ်ကောင်စီအကြမ်းဖက်တပ်တွေက တောင်ဖက် မြောက်ဖက် နှစ်ဖက်ညှပ်ကာ ထိုးစစ်ဆင်လာနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကလေးဖက်ကလာတဲ့ စစ်ကောင်စီအကြမ်းဖက်တပ်တွေက နှမ်းခါးကျေးရွာက လူနေအိမ်တွေကို မီးရှို့ခဲ့ပြီး တောင်ဖက်ပိုင်းကို တဖြည်းဖြည်း ခြေလျင် တက်လာခဲ့တာပါ။

အောက်တိုဘာလ ၁ ရက်နေ့ မနေ့ကလည်း ဘော်ပြင်းကျေးရွာကိုဝင်ရောက်စခန်းချကာ ရွာအရှေ့ဖက်တောတွေထဲမှာ စစ်ရှောင်နေကြတဲ့ ပြည်သူတွေရဲ့ တဲတွေ၊ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး တွေ့ရတဲ့ ရိက္ခာတွေကို သိမ်းဆည်းသွားကာ စစ်ဘေးရှောင်တွေ ထွက်ပြေးရတဲ့ မြစ်သာမြစ်ရှေ့ဖက်ကမ်းရှိ ရှဉ်းရှည်ရွာကိုလည်း လက်နက်ကြီးနဲ့ ခြိမ်းခြောက်ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ဘော်ပြင်းရွာကတဆင့် ထယ်လှော်(ဘင်း)ရွာကို သွားရောက်စခန်းချကာ ဒီမနက်မှာတော့ ရွာအနောက်ဖက်ပိုင်းရှိ တောတောင်တွေကို လက်နက်ကြီးနဲ့ တရစပ် ရမ်းသန်းပစ်ခတ်နေတယ်လို့ သိရပါတယ်။အဲဒီကတဆင့် မြောက်ဖက်ပိုင်း ပြန်လည် ဆုတ်ခွာလာတဲ့ စစ်ကောင်စီအကြမ်းဖက်တပ်တွေက ဝါးရှင်းချောင်းအနီးမှာတော့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စိုင်ဒူးGTCကတက်လာတဲ့ အင်အားရာဂဏန်းကျော်ရှိတဲ့ စကစအကြမ်းဖက်တပ်တွေကလည်း စစ်ကြောင်းသုံးကြောင်းဖြန့်ခွဲကာ လက်နက်ကြီးပစ်ကူသုံးပြီး ထိုးစစ်ဆင်လာနေတာ ဖြစ်ပါတယ်။ မနေ့ကတော့ ကျွန်းဒတ်ရွာမြောက်ဖက်တောင်ကုန်းမှာ ကားနှစ်စီးမိုင်းထိသွားပြီး ထိခိုက်ဒဏ်ရာရသူတွေအများအပြားရှိတယ်လို့ ဆိုပါတယ်။ တပ်ကူလာတဲ့ ကားက ရမ်းသန်းပစ်ခတ်လို့ ပြည်သူတဦး သေနတ်ထိမှန်ခဲ့ပါသေးတယ်။

“ဒီကောင်တွေက ဂန့်ဂေါမြောက်ပိုင်းကို ထိုးစစ်ဆင်တာက PDF စခန်းတွေ ဘာတွေ ရှိတယ်ထင်ပြီး လုပ်နေတာဖြစ်မယ်။ အဲဒါကြောင့်မို့လည်း အင်တာနက်ဖြတ်ပြီး အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေတာ။ နောက်ပြီး ယောနယ်က ချင်းပြည်နယ်ရဲ့ ဝင်ပေါက်လည်း ဖြစ်နေတာဆိုတော့ ဖိတဲ့သဘောဖြစ်မှာပဲ။”လို့ ဒေသခံလူငယ်တဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဂန့်ဂေါမြို့နယ်အတွင်းမှာ သေဆုံးသူ ၃၀ ဦးခန့်ရှိနေပြီဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေလည်း ရှိနေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူတွေလည်း ထောင်သောင်းချီရှိနေပါတယ်။ လတ်တလောမှာတော့ ဒေသကာကွယ်ရေးအဖွဲ့တွေက ရိုးရာလက်လုပ် တူမီးတွေ အသုံးပြုကာ မောင်းပြန်ကိုင်ထားတဲ့ စစ်ကောင်စီအကြမ်းဖက်တပ်တွေကို ခုခံတွန်းလှန်နေကြဆဲဖြစ်ပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ ထိခိုက်ဒဏ်ရာရရှိမှုတွေကိုတော့ မသိရသေးပါဘူး။ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူတွေအနေနဲ့ ဂန့်ဂေါ-ကလေးလမ်းကို ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့လည်း ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောဆိုထားပါတယ်။

#မျက်မှောက်ခေတ် #ယောဒေသ #တိုက်ပွဲဖြစ်ပွား #ဂန့်ဂေါ_ကလေးလမ်း

error: Content is protected !!