စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ၊ ဇီးတောရွာသစ်ရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီအကြမ်းဖက်တပ်တွေက စက်တင်ဘာလ ၂၁ ရက်နေ့ မနက်အစောပိုင်းမှာ ဝင်ရောင်ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။ အခုလို ဝင်ရောက်ဖျက်ဆီးတာက ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း။ပထမအကြိမ် လာရောက်ခဲ့သေးတယ်လို့ သိရပါတယ်။
“ဘာကြောင့်လာတာလည်း မသိဘူး။ ဦးဇင်းလည်း ကိုယ့်ကျောင်းကိုယ်နေတာပဲ။ ပထမအကြိမ်လာတာက ၁၈ ရက်နေ့ကလာတာ။ ကားတစီးနဲ့ပေါ့။ အဲဒီတုန်းက ဦးဇင်းက မရှိလို့ မတွေ့လိုက်ဘူး။ ပထမအခေါက်တုန်းကတော့ ဘာမှ ဖျက်မသွားဘူး။ ဦးဇင်းမတွေ့ရလို့ မကျေနပ်ဘူး နောက်တခေါက်လာမယ်လို့ ပြောသွားတယ်တဲ့။ အဲဒီကတည်းက ဦးဇင်းလည်း ကျောင်းမပြန်တော့ဘဲနဲ့ လွတ်ရာရှောင်နေတာ။ ဘာကြောင့်မှန်းမသိ အဖမ်းမခံနိုင်ဘူး။ ခုနောက်တကြိမ်က မနက် ၂ နာရီလောက် ကားနှစ်စီးနဲ့လာတာ။ ကျောင်းပေါ်က ပစ္စည်းတွေ၊ တံခါးတွေ၊ ဗီရိုတွေ ဖျက်သွားတယ်။”လို့ ဇီးတောကျောင်းတိုက်ဆရာတော် ဦးအာလောက က မိန့်ကြားပါတယ်။
လက်ရှိမှာ ဆရာတော်က ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ ကျောင်းမှာ သံဃာ နှစ်ပါးသာရှိပြီး အဖမ်းခံရတာတော့ မရှိဘူးလို့လည်း မိန့်ပါတယ်။ ကျောင်းကို ဝင်မွှေပြဏ္ဌိအပြန်မှာ ရွာထဲက အိမ်တချို့ကိုလည်း ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်သွားတယ်လို့ သိရပါတယ်။ ဇီးတောကျောင်းတိုက်ဆရာတော် ဦးအာလောကက လက်ပံတောင်းတောင်အရေးကို တစိုက်မတ်မတ်ဆောင်ရွက်တဲ့ ဆရာတော်တပါးလည်း ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကျောင်းမှာပဲ သီတင်းသုံးနေတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီအကြမ်းဖက်တပ်တွေက သူတို့ကို ဆန့်ကျင်တဲ့ ဘုန်းကြီးကျောင်းတွေကို အကြမ်းဖက်ဝင်ရောက်တာ၊ ဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။ ဇီးတောကျောင်းတိုက်တင်မက မန္တလေး၊ မုံရွာနှင့် တခြားဒေသတွေမှာလည်း ကျောင်းအတွင်း ဝင်ရောက်ဖမ်းဆီးတာ၊ ကျောင်းဝင်းအတွင်း တပ်စွဲတာတွေလည်း ပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ အသက် ၃၀ ဝန်းကျင်ရှိ ခရစ်ယာန် သင်းအုပ်ဆရာတော်တပါး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါသေးတယ်။
#မျက်မှောက်ခေတ် #ဇီးတောကျောင်းတိုက် #လက်ပံတောင်းတောင်ဒေသ #စကစအကြမ်းဖက်တပ်ဝင်ရောက်ဖျက်ဆီး #ဆားလင်းကြီးမြို့နယ်