Home > စစ်အာဏာရှင်ဆန့်ကျင်ရေး > မုံရွာက ယာဉ်ထိန်းရဲတဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း MPDF ကြေငြာ

မုံရွာက ယာဉ်ထိန်းရဲတဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း MPDF ကြေငြာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်းနှင့် မြို့ပတ်လမ်းထောင့် မီးပွိုင့်မှာ တာဝန်ကျနေတဲ့ ယာဉ်ထိန်းရဲတဦးကို စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လည်ပိုင်းက သုတ်သင်ရှင်းလင်းခဲ့တယ်လို့ မုံရွာ PDF မြို့ပြပြောက်ကျားအဖွဲ့က ကြေငြာပါတယ်။

အဆိုပါယာဉ်ထိန်းရဲကို သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပြီး သေနတ်ပစ်ခံရတဲ့ ယာဉ်ထိန်းရဲကတော့ သေဆုံးသွားပြီလို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြို့တွင်းမှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေက လာသမျှစစ်ဆေးမေးမြန်းတာ ခပ်စိပ်စိပ် လှုပ်ရှားနေတယ်လို့လည်း ‌မြို့ခံတွေက ပြောပါတယ်။

မုံရွာ PDF အနေနဲ့ စစ်အာဏာရှင်စနစ်အလုံးစုံပျက်သုဉ်းရေး၊ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရေးတို့အတွက် ဒေသအလိုက် မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ကာ ခုခံစစ်လုပ်ဆောင်နေပြီး မြို့တွင်းပြောက်ကျားတိုက်ပွဲတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ၊ သတင်းပေးဒလန်တွေကိုလည်း ရပ်တန်းက ရပ်ကြဖို့ သတိပေးချက်တွေ အကြိမ်ကြိမ်ထုတ်ပြန်ထားပြီးဖြစ်သလို ပြည်သူ့ရှေ့ကနေ အစဉ်အမြဲရပ်တည်ကာ စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

မုံရွာမြို့နယ်တွင်းမှာ သတင်းပေးဒလန်လို့ သတ်မှတ်ခံထားရသူတွေ မကြာခဏ အသတ်ခံနေရသလို ဗုံးပေါက်ကွဲမှုတွေကလည်း နေ့စဉ် ဖြစ်ပေါ်နေပါတယ်။ ပြည်သူတွေအနေနဲ့ စစ်ကောင်စီအကြမ်းဖက်တပ်တွေနားမှာ နေထိုင်တာ၊ သွားလာ‌တာတွေကို အထူးသတိထားကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ကြေငြာချက်တွေ အသီးသီး ထုတ်ပြန်ထားကြပါတယ်။

#မျက်မှောက်ခေတ် #ယာဉ်ထိန်းရဲပစ်သတ်ခံရ #မုံရွာ #စစ်ကိုင်းတိုင်း #စစ်အာဏာရှင်ဆန့်ကျင်ရေး

error: Content is protected !!