Home > သတင်း > တရားဉပဒေစိုးမိုးရေး > လဟယ်မြို့နယ်တွင် လူ ၄ ဦး တောင်ယာတောမီးလောင်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက အိန္ဒိယနယ်စပ်ကနေ ဆန်ဝယ်ပြန်လာသူ ၄ ဦး တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးခဲ့တယ်လို့ လဟယ်မြို့နယ် မီးသတ်ဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။ အဲဒီနေ့က လဟယ်မြို့နယ် ထန်ခေါ်လန်မကျေးရွာနေ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား၁ ဦး စုစုပေါင်း ၄ ဦးဟာ အိန္ဒိယနယ်စပ် ခွန်းဆာကျေးရွာကို ဆန်ဝယ်ရန်သွားရောက်ပြီး ပြန်လာစဉ် ကားရော်နောက်ညူကျေးရွာနှင့် ထန်ခေါ်နောက်ကုန်းကျေးရွာကြား ထန်ခေါ်နောက်ကုန်းကျေးရွာအပိုင် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရန်အတွက် တောမီးရှို့ထားလို့ လောင်ကျွမ်းနေတဲ့နေရာကို ရောက်ရှိရာမှာ တောမီးဝိုင်းခံရပြီးထွက်ပြေးပေမယ့် လွတ်မြောက်မှုမရှိဘဲ မီးလောင်ကျွမ်းသွားခဲ့တာပါ။

“မနေ့က ညနေ ၄ နာရီမှာ သတင်းရတယ်။ တောမီးလောင်ကျွမ်းမှုကြောင့် ၄ ယောက်သေဆုံးတယ်။ သူတို့ရဲ့နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအရ ဓလေ့ထုံးတိုင်းအရ တောင်ယာစုပေါင်းပြီးတော့ မီးရှို့ကြတာ။ မီးရှို့ကြတဲ့အချိန်မှာ ထန်ခေါ်လန်မနေတဲ့သူတွေက အိန္ဒိယနယ်စပ်ကိုသွားပြီးတော့မှ ဆန်သွားဝယ်ကြတာ။ အပြန်ကျတော့ စုပေါင်းတောင်ယာမီးရှို့တာကို သူတို့ကမသိလိုက်ဘူး။ ပြန်လာတဲ့အချိန်မှာ တောမီးတွေဝိုင်းပြီးတော့ ထွက်ပြေးမရဘဲနဲ့ မီးအဝိုင်းခံပြီး အသက်ဆုံးရှုံးတာပေါ့။ သေဆုံးတဲ့အခါ အမျိုးသမီးက ၃ ဦးနှင့် အမျိုးသား ၁ ဦးပါ။ ခြေကျင်လျှောက်သွားတဲ့သူတွေပါ။”လို့ လဟယ်မြို့နယ်မီးသတ် ဦးစီးမှုး ဦးစိုးပိုင်ကပြောပါတယ်။

တောမီးလောင်ကျွမ်းမှုကြောင့် အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၁၅ နှစ်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်း ၄ ဦးသေဆုံးခဲ့တာပါ။ သေဆုံးသူ ၄ ဦးရဲ့အလောင်းကိုတော့ သယ်ဆောင်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းက ထန်ခေါ်လန်မကျေးရွာကို ရောက်ရှိပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ အခင်းဖြစ်ပွားရာနေရာသို့ မြို့နယ်စီခန့်အဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့က သွားရောက်ပြီး စစ်ဆေးလျက်ရှိပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လဟယ်မြို့မရဲစခန်းက အရေးယူဆောင်ရွက်နိုင်ရေး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

သူရိယထက်

error: Content is protected !!