Home > သတင်း > စီးပွားရေး > တောင်ယာမီးကြောင့် လူ ၄ ဦးသေဆုံးခဲ့လို့ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် မီးရှို့သူ ၃ ဦးကို အမှုဖွင့်

တောင်ယာမီးကြောင့် လူ ၄ ဦးသေဆုံးခဲ့လို့ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် မီးရှို့သူ ၃ ဦးကို အမှုဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက အိန္ဒိယနယ်စပ်ကနေ ဆန်ဝယ်ပြန်လာသူ ၄ ဦး တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတောင်ယာမီးရှို့ခဲ့သူ ၃ ဦးကို အမှုဖွင့်အရေးယူထားတယ်လို့ လဟယ်မြို့နယ်ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။

လက်ရှိအချိန်က တောင်တန်းဒေသတွေမှာ တောင်ယာစိုက်ပျိုးဖို့အတွက် ခုတ်ထွင်ရှင်းလင်းပြီး တောမီးရှို့ချိန်လည်း ဖြစ်ပါတယ်။ ဒီအတွက်လဟယ်မြို့နယ်၊ ထန်ခေါ်နောက်ကုန်းကျေးရွာနေ အသက် ၄၀ ကျော်အရွယ်တွေဖြစ်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလန်း၊ ဦးပါနှင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးခါနူးဝေကောက်တို့က သူတို့စိုက်ပျိုးမယ့်တောင်ယာတွေမှာ ခုတ်ထွင်ရှင်းလင်းထားတဲ့ အမှိုက်တွေကို မီးရှို့ခဲ့တာဖြစ်ပြီး ထန်ခေါ်လန်မကျေးရွာကနေ အိန္ဒိယနယ်စပ်ရှိ ခွန်းဆာကျေးရွာကို ဆန်ဝယ်ရန်သွားရောက်တဲ့ လူ ၄ ဦးက ပြန်လာစဉ်မှာ တောမီးအဝိုင်းခံရလို့ သေဆုံးခဲ့တာပါ။

တောမီးလောင်ကျွမ်းမှုကြောင့် အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၁၅ နှစ်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်း ၄ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ မီးလောင်သေဆုံးမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး တောမီးရှို့ခဲ့သူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလန်း၊ ဦးပါနှင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးခါနူးဝေကောက်တို့ ၃ ဦးကို လဟယ်မြို့မရဲစခန်းက (ပ)၂/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅၊ ၃၀၄(က)တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!