Home > သတင်း > တရားဉပဒေစိုးမိုးရေး > မတူပီမြို့နယ်တွင် SKAT ကားတစ်စီး ချောက်ထဲပြုတ်ကျကာ ယာဉ်မောင်းသေဆုံး

မတူပီမြို့နယ်တွင် SKAT ကားတစ်စီး ချောက်ထဲပြုတ်ကျကာ ယာဉ်မောင်းသေဆုံး

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့ မနက် ၆ နာရီအချိန်က SKAT ကားတစ်စီး ချောက်ထဲပြုတ်ကျတိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းတစ်ဦးသေဆုံးခဲ့တယ်လို့ မတူပီခရိုင်မီးသတ်ဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။ မတူပီမြို့နဲ့ ၁၅ မိုင်အကွာ မတူပီမြို့နယ် ဆဘောင်းတယ်ကျေးရွာကနေ မတူပီမြို့သို့ ယာဉ်မောင်း ဦးအာကာအသက် (၂၃ နှစ်) မောင်းနှင်လာတဲ့ SKAT အဖြူရောင် အမျိုးအစား 4N/3930 နံပါတ်တပ် ခြောက်ဘီးယာဉ်က ဟားခါး-မတူပီလမ်း မိုင်တိုင်အမှတ် ၁၅၉/၃ အနိး ဘနိုင်းတောင်လမ်းဘေး ချောက်ထဲကို ပြုတ်ကျတိမ်းမှောက်ခဲ့တာပါ။ ဘာကြောင့်တိမ်းမှောက်တယ်ဆိုတာတော့ မသိရသေးပါဘူး။

“မနေ့က မနက် ၆ နာရီအချိန်က မတူပီမြို့နယ်မှာ ကားတစ်စီးချောက်ထဲပြုတ်ကျတိမ်းမှောက်ခဲ့တယ်။ ယာဉ်မောင်းကတော့ အခင်းဖြစ်နေရာသေဆုံးခဲ့တာ။ ကျန်တဲ့သူတွေက ဒဏ်ရာရတယ်။”လို့ မတူပီခရိုင် မီးသတ်ဦးစီးဌာနခရိုင်ဦးစီးမှူး ဦးခုပ်ဆောမ်းပြောင်က ပြောပါတယ်။

အခင်းဖြစ်နေရာကို မတူပီမြို့နယ်မီးသတ်စခန်းက တပ်ဖွဲ့ဝင်တွေ သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြတာပါ။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်မှာပါလာတဲ့ ၄ ဦးအနက် ယာဉ်မောင်း ဦးအာကာမှာ ယာမျက်လုံးပေါက်ထွက် ဒဏ်ရာ၊ ယာဒူးပွန်ပဲ့ဒဏ်ရာ၊ ဝဲဘက်ပါးပွန်းပဲ့ဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ကျန် ၃ ဦးကတော့ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာအချို့ရရှိခဲ့ကာ မတူပီမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ ယာဉ်တိမ်းမှောက်ဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးအာကာကို မတူပီမြို့မရဲစခန်းက (ပ)၁/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉၊ ၃၃၇၊ ၃၀၄(က) နဲ့ အရေးယူဆောင်ရွက်လျက်ရှိတယိလို့လည်း သိရပါတယ်။

error: Content is protected !!