Home > သတင်း > ကျန်းမာရေး > ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရာမှာ အိမ်ထောင်စုဇယားလိုအပ်လို့ မြို့နယ်လဝကရုံးကို လာရောက်ပြုလုပ်နေသူတွေ များပြားနေ

ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရာမှာ အိမ်ထောင်စုဇယားလိုအပ်လို့ မြို့နယ်လဝကရုံးကို လာရောက်ပြုလုပ်နေသူတွေ များပြားနေ

ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို မကြာခင်ကာလအတွင်း တစ်နိုင်ငံလုံးမှာ အသစ်ပြန်လည် ရွေးချယ်တော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မုံရွာအပါအဝင် တချို့မြို့နယ်တွေမှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ရာမှာ အဓိကလိုအပ်နေတဲ့ ကြီးကြပ်ရေးအဖွဲ့ ရပ်မိရပ်ဖ ၅ ဦးကို ကြိုတင်ရွေးချယ်တာတွေလည်း ပြုလုပ်နေပြီဖြစ်ပါတယ်။ အဲဒီလိုရွေးချယ်ရာမှာ လိုအပ်တဲ့ အိမ်ထောင်စုဇယားတွေကို အခုရက်ပိုင်းအတွင်း သက်ဆိုင်ရာမြို့နယ် လဝကရုံးတွေမှာ လာရောက်ပြုလုပ်နေကြပါတယ်။ မုံရွာမြို့နယ် လဝက ရုံးမှာလည်း အိမ်ထောင်စုမိတ္တူလာရောက်ပြုလုပ်သူ၊ အိမ်ထောင်စုခွဲထွက်သူတွေနဲ့ နေ့စဉ် စည်ကားနေပါတယ်။

“အဓိကကတော့ ရပ်ကျေးတွေမှာ အိမ်ထောင်စုစာရင်းပေးမှ ဆယ်အိမ်မှူးရွေးရမယ်ဆို‌တော့ အိမ်ထောင်စုမရှိတာတွေကို ရပ်ကျေးတွေကနေ လုပ်ဖို့ လွှတ်တာပေါ့။ အိမ်ထောင်စုစာရင်း မထွက်ရသေးတဲ့သူတွေ၊ မလုပ်ရသေးတဲ့သူတွေကို လဝကရုံးမှာ လုပ်ကြပါဆိုပြီးတော့ပေါ့။ တစ်ရက်ကို လူ ၁၀၀ အထက်မှာ လုပ်ပေးနေတယ်။ အခုဆို ရုံးဖွင့်ရင့်တင်မက ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေတောင် မနားဘူး။ လူများတာက ၂ ရက်လောက်ပဲရှိသေးတယ်။ ကိုဗစ်ကာလဆိုတာ့ လူစုလူဝေးပုံစံမဖြစ်အောင် တုံကင်စနစ်နဲ့ လုပ်ထားတာအပြင် ထိုင်ခုံတွေလည်း ချပေးထားတယ်။ အလှည့်ဝေးတဲ့သူဆိုရင် နေ့လည်မှပြန်လာ သူ့အလှည့်ကျစနစ်အတိုင်းပေါ့။ အခုလာတာတွေက အိမ်ထောင်စုစာရင်းမိတ္တူနှင့် အိမ်ထောင်စုစာရင်းခွဲထွက်တွေပဲ များတာပါ။”လို့ မုံရွာမြို့နယ် လဝက ဦးစီးမှူး ဦးစန်းမင်းအောင်က ပြောပါတယ်။

အိမ်ထောင်စုလာရောက်ပြုလုပ်သူတွေက မြို့ပေါ်ထက် ကျေးရွာတွေက လာရောက်ပြုလုပ်သူတွေ ပိုများတယ်လို့ သိရပါတယ်။ တချို့ဆို တစ်ရက်နဲ့ အဆင်မပြေလို့ နောက်ရက်တွေပါ ထပ်လာပြီး လုပ်နေရသူတွေလည်း ရှိနေပါတယ်။

“လာတာ ၂ ရက်ရှိပြီ။ လူတွေကများတော့ ဒီနေ့လည်း မရဘူး။ အခက်အခဲတော့ အများကြီးရှိတယ်။ ကလေးငယ်လေးလည်းရှိတယ်။ ကလေးလည်း ထားခဲ့ရတယ်။ ကိုဗစ်ကြောက်တော့ ကလေးလည်း မခေါ်ရဲဘူး။ ကိုယ်လာတာတောင် ကြောက်ကြောက်နဲ့ လာရတာ။ ဒီနေ့လည်း မရတော့ နောက်နေ့တစ်ခေါက်လာရဦးမှာ။ တစ်ရက် တစ်အုပ်စုပုံစံနဲ့ စီစဉ်ပြီးလုပ်ပေးရင်တော့ အဆင်ပြေတယ်။ အခုတော့ လာရပြီး အကျိုးမရှိဖြစ်နေတယ်။”လို့ မုံရွာမြို့နယ်၊ ကျီးအုပ်ကျေးရွာကနေ အိမ်ထောင်စုဇယားလာလုပ်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အိမ်ထောင်စုဇယားက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ရာမှာ အဓိက လိုအပ်တဲ့ အရာတစ်ခုလည်းဖြစ်နေတာပါ။ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းက နိုင်ငံတော်သမ္မတရဲ့ သက်တမ်းနဲ့ အတူတူပဲဖြစ်ပြီး လက်ရှိမှာ အစိုးရအသစ်ပြောင်းလဲတော့မှာဖြစ်တဲ့အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုလည်း အသစ်ရွေးချယ်တင်မြှောက်ဖို့ ပြင်ဆင်နေကြတာလည်း ဖြစ်ပါတယ်။

ဝေဟင်(မုံရွာ)၊ လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!