Home > သတင်း > ကျန်းမာရေး > တီးတိန်မြို့ကို Stay at home သတ်မှတ်ရန် ပြင်ဆင်နေ

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့မှာ ကိုဗစ်ကူးစက်မှု များလာတဲ့အတွက် Stay at home သတ်မှတ်ဖို့ရာအတွက် ကိုဗစ် ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားကော်မတီကို ဇန်နဝါရီလ ၁၁ ရက်နေ့က တင်ပြထားတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူကပြောပါတယ်။ တီးတိန်မြို့မှာ ဒေသတွင်းပိုးကူးစက်မှုက မြင့်တက်နေသလို အစုလိုက် ပိုးတွေ့မှု များပြားလာတာကြောင့် ထိန်းချုပ်နိုင်အောင် Stay at home ချဖို့ စီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်၊

“တီးတိန်မှာ မနေ့က ပိုးတွေ့လူနာ ၂၂ ယောက်ထွက်လာတော့ ကြောက်လန့်ကြတယ်။ အခုကတော့ တီးတိန်မှာတော့ ဒေသတွင်း အစုလိုက်ကူးစက်ဖြစ်နေတော့ အပြင်ကနေမဟုတ်ပဲ ရှိပြီးသားတည်းက အစုလိုက် အဖွဲ့လိုက်ကူးစက်မှု စတင်နေတယ်လို့ သုံးသပ်လို့ရတယ်။ အဲဒါကြောင့် ဒီဟာထိန်းချုပ်နိုင်ဖို့က အခုလောလောဆယ် Stay at home လုပ်ဖို ကြိုးစားနေတယ်။ တီးတိန်ကို Stay at home လုပ်ဖို့ မနေ့က အမျိုးသားကော်မတီကို တင်ပြထားတယ်။ ခွင့်ပြုရင်တော့ Stay at home ကြေညာမှာပါ။ အခုဟာက ကူးစက်မှုအရမ်းများလာတော့ ဒီဟာနဲ့ပဲ ထိန်းနိုင်တဲ့အနေအထားမျိုးဖြစ်တယ်။”လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောပါတယ်။

ဇန်နဝါရီလ ၁၁ ရက်နေ့ တစ်ရက်တည်းမှာတင် ချင်းပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၂၆ ဦး ထပ်တိုးတွေ့ရှိခဲ့တယ်လို့လည်း ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ထားပါတယ်။

“မနေ့က တစ်ရက်တည်းနဲ့ပိုးတွေ့လူနာ ၂၆ ယောက်တိုးတယ်။ အဲထဲမှာ တီးတိန်က ၂၂ ယောက်ပါတယ်။ သူတို့အားလုံးက Quarantine ထားတဲ့သူတွေပါ။”လို့ လည်း ဝန်ကြီးကပြောပါတယ်။

အခုကာလအတွင်း တီးတိန်မြို့မှာ ပိုးတွေ့လူနာဦးရေ မြင့်တက်နေတဲ့အတွက်ကြောင့် တီးတိန်မြို့နေ ပြည်သူတွေအနေနဲ့ ဖျားနာချောင်းဆိုး ရင်ကြပ်မောပန်းတာ စတဲ့ လက္ခဏာတွေ ခံစားရရင် အနီးစပ်ဆုံးကျန်းမာရေးဌာနကို သွားရောက်စစ်ဆေးမှု ခံယူသင့်တယ်လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တီးတိန်မြို့နယ် တွီးထန်ကျေးရွာကို ဒေသအတွင်းပိုးတွေ့လူနာ တွေ့ရှိသူများတဲ့အတွက်ကြောင့် ဒီဇင်ဘာလ ၂၇ ရက်နေ့ကနေ ဇန်နဝါရီလ ၉ ရက်နေ့အထိ အဝင်အထွကန့်သတ်ခဲ့ပြီးနောက် အခုအခါဇန်နဝါရီလ ၂၃ ရက်နေ့အထိ ထပ်တိုးပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။ ချင်းပြည်နယ်အတွင်း ဇန်နဝါရီလ ၁၁ ရက်နေ့အထိ စုစုပေါင်း ပိုးတွေ့လူနာဦးရေ (၃၃၆) ဦး ရှိပြီဖြစ်တယ်လို့လည်း ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ပိုတေး

error: Content is protected !!