Home > သတင်း > တရားဉပဒေစိုးမိုးရေး > ကာဘိုးအကြမ်းဖက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖမ်းဆီးခံရသူတွေကို ရုံးတင်စစ်ဆေးတာမရှိသေးဘဲ နှောင့်နှေးကြန့်ကြာနေလို့ အမှုဝေဝါးသွားမှာကို စိုးရိမ်နေ

ကာဘိုးအကြမ်းဖက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖမ်းဆီးခံရသူတွေကို ရုံးတင်စစ်ဆေးတာမရှိသေးဘဲ နှောင့်နှေးကြန့်ကြာနေလို့ အမှုဝေဝါးသွားမှာကို စိုးရိမ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြိုနယ်၊ ကာဘိုးစံပြကျေးရွာမှာ အောက်တိုဘာလ ၂၂ ရက်နေ့က  ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေနဲ့ NLD ပါတီဝန်းရံတဲ့သူတွေ ရုန်းရင်းဆံခတ်ဖြစ်ပွားခဲ့ပြီး ရိုက်နှက်ခံရသူ အမျိုးသားတစ်ဦး ရရှိဒဏ်ရာတွေကြောင့် ဆေးကုသမှုခံယူရင်း သေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူ ၁၅ ဦးကို ဖမ်းဆီးထားပေမယ့် ရုံးချိန်း ၃ ကြိမ်ရှိပြီဖြစ်ပေမယ့် ကိုဗစ်ရောဂါအကြောင်းပြချက်နဲ့ တရားရုံးတင်စစ်ဆေးမှု တစ်ကြိမ်မှ မရှိသေးတဲ့အတွက် အမှုက နှောင့်နှေးကြန့်ကြာနေပြီး အမှုမှန် ဝေဝါးသွားမှာကို စိုးရိမ်တယ်လို့ တရားလိုရှေ့နေတစ်ဦးက ပြောပါတယ်။

“ဒီအမှုမှာ တရားခံတွေကလည်းများတယ်။ သက်သေကလည်းပဲ လူ ၅၀ ရှိတယ်။ လူစုလူဝေးနဲ့ဖြစ်ကြတဲ့ ကိစ္စမှာ အချိန်တွေကြာသွားရင် သက်သေတွေက ဝေဝါးသွားတာ၊ ဒီအမှုမှာ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လိုစိတ် အားနည်းသွားမှာ ဒါတွေကိုတော့ ကျွန်တော်ကတော့ စိုးရိမ်တယ်။ ကိုဗစ်ကာလဖြစ်သော်လည်း ဒီအမှုကိုတော့ စစ်စေချင်တယ်ပေါ့ဗျာ။ ဘာလို့လဲဆိုတော့ မန္တလေးက ဗကသကျောင်းသားတွေအမှုမျိုး၊ မိုက်ကယ်ကျော်မြင့်လို အမှုမျိုး  အဲဒါတွေကို ကိုဗစ်ကာလအတွင်း စစ်တာတွေရှိတယ်။ ပြီးတော့ သဘာဝဘေးနဲ့တရားစွဲတဲ့အမှုမျိုးတွေ ကိုဗစ်ကာလအတွင်း စစ်တာမျိုးတွေရှိတယ်။ ကျွန်တော်တို့အမှုကိုလည်း အဲလိုခြွင်းချက်မျိုုးနဲ့ စစ်မယ်ဆိုရင် စစ်စေချင်တာပေါ့။ ဘာလို့လဲဆိုတော့ အကြောင်းအရာတွေက များမယ်။ လူသက်သေတွေများမယ်။ တရားခံတွေများတယ်။ အဲတော့ အချိန်ကာလ ကြာသွားတာနဲ့တပြိုင်နက် သက်သေတွေက ပူးပေါင်းဆောင်ရွက်ချင်တဲ့ဆန္ဒနည်းသွားတာတို့၊ အားနည်းသွားတာတို့၊ တက်ကြွမှုနည်းသွားတာတို့၊ မှတ်မိနိုင်စွမ်းနည်းသွားတာတို့ ဖြစ်မှာ စိုးရိမ်မိတယ်။”လို့ တရားလွှတ်တော်ရှေ့နေ ဦးမိုးဇော်ထွန်းက ပြောပါတယ်။

ကာဘိုးအကြမ်းဖက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ထန်းကုန်း၊ ဇီးပင်သာ၊ ဝက်တိုးမြောက်ကျေးရွာ၊ သဘွတ်ကုန်း၊ တောက္ကရှပ်ကျေးရွာ စတဲ့ကျေးရွာတွေက အမျိုးသား ၁၅ ဦးကို လူသတ်မှုပုဒ်မ ၃၀၂၊ သေစေလောက်သောလက်နက်နဲ့ ရုန်းရင်းဆန်ခတ်ပြုမှုပုဒ်မ ၁၄၈ တို့နဲ့ ကန့်ဘလူခရိုင်တရားရုံး ရာဇဝတ်ကြီးအမှုအမှတ် ၄၀/၂၀၂၀ နဲ့ အမှုဖွင့်ထားပါတယ်။ ဒါ့အပြင် မြို့နယ်တရားရုံးမှာလည်း အကျိုးစီးပွားပျက်စီးစေမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေတို့နဲ့လည်း အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အမြန်ဆုံးစုံစမ်းဖော်ထုတ် အရေးယူတာတွေလုပ်ဖို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကိုယ်တိုင် ကွင်းဆင်းကာ ညွန်ကြားတာတွေ ရှိပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ ပါတီနှစ်ခုဖြစ်တာမဟုတ်ဘဲ တဖက်သတ်ရည်ရွယ်ချက် ရှိရှိနဲ့လုပ်ဆောင်ခဲ့တာ ထင်သာမြင်သာရက်နဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ခဲ့မှုတွေက တာဝန်ပေါ့လျော့ခဲ့တဲ့အပေါ်မှာ၊ သတင်းအချက်အလက်ထုတ်ပြန်ပေးမှု အားနည်းတဲ့အပေါ်မှာ မေးခွန်းထုတ်စရာတွေရှိတယ်လို့လည်း ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ရွေးကောက်ခံထားရတဲ့ NLD ပါတီကိုယ်စားလှယ် ဦးနေဇင်လတ်က ပြောပါတယ်။

“ဒီလိုဟိုးလေးတကျော် အုတ်အော်သောင်းနင်းဖြစ်သွားတဲ့ကိစ္စကို ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်တဲ့ပုံစံတွေက မေးခွန်းထုတ်စရာ အများကြီးရှိတာပေါ့။ သက်သေတွေကို ညအချိန်မတော်ခေါ်စစ်တာ၊ ကာဘိုးနှင့် ဇီးကုန်း ၅ မိနစ်လောက်ဆိုင်ကယ်စီးရင် ရောက်တာကို ရဲစခန်း၊ ရုံးမှာ ခေါ်မစစ်ဘဲ စားသောက်ဆိုင်မှာ စစ်တာ၊ မေးခွန်းထပ်တူတွေကို ခဏခဏခေါ်မေးတာ၊ ဖြစ်တဲ့နေ့က ရဲတွေအချိန်အတော်နောက်ကျမှ ရောက်တာ၊ အားတက်သရောလုပ်သလား၊ တကယ်မှန်မှန်ကန်ကန်ဆောင်ရွက်သလားဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်နေတာ။ ဘာလို့လဲဆိုတော့ နယ်မြေခံပြည်သူတွေကလည်း ဒီကိစ္စအပေါ်မှာ သိနေကြတာ။ သိတော့ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်အပေါ်မှာ ပြည်သူလူထုက အမြင်မကြည်ဘူး။ ပြီးတော့ အမှုဖွင့်ရာမှာလည်း တဖက်နဲ့ တဖက် အပြန်အလှန်ဖြစ်ကြတဲ့ကိစ္စမျိုးလုပ်ထားတယ်။ တကယ်တမ်းက အပြန်အလှန်ဖြစ်ကြတဲ့ကိစ္စမှ မဟုတ်တာ။ တဖက်သတ် အကြမ်းဖက်တဲ့ကိစ္စပဲ။”လို့ ရွေးကောက်ခံထားရတဲ့ NLD ပါတီကိုယ်စားလှယ် ဦးနေဇင်လတ်က ပြောပါတယ်။

ကာဘိုးအကြမ်းဖက်မှုဖြစ်စဉ်အတွက် ခရိုင်တရားရုံးမှာ ရုံးချိန်းကို ဒီဇင်ဘာလ ၄ ရက်၊ ၁၈ ရက်၊ ၃၀ ရက်နေ့တွေမှာ ချိန်းဆိုခဲ့ပေမယ့် ရုံးထုတ်စစ်ဆေးတာတော့ တစ်ကြိမ်မှ မရှိခဲ့ပါဘူး။ နောက်ရုံးချိန်းကိုလည်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ကို ချိန်းဆိုထားပါတယ်။ ဖမ်းဆီးထားသူတွေကိုတော့ ကန့်ဘလူမြို့မရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။ တခြားသောအမှုတွေနဲ့မတူဘဲ ရွေးကောက်ပွဲနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အတွက် အမှုကို အမြန်ဆုံးစစ်ဆေးပေးနိုင်အောင် တွန်းအားပေးသွားမယ်လို့လည်း ဦးနေဇင်လတ်က ဆက်ပြောပါတယ်။

“ကူးစက်ရောဂါကြောင့် ဒီလိုရွှေ့ဆိုင်းတဲ့ကိစ္စကတော့ ကျွန်တော်တို့အနေနဲ့ နည်းနည်းပြောရတာတော့ ခက်တာပေါ့။ ဒါကတော့ လိုအပ်လို့ လုပ်ကြတဲ့ကိစ္စဖြစ်တဲ့အတွက် ပြောရတော့ခက်တယ်။ မဖြစ်မနေစစ်ဖြစ်အောင်၊ မြန်မြန်ဆန်ဆန်စစ်အောင်တော့ ကျွန်တော်တို့လည်း တိုက်တွန်းရမှာပေါ့။ ဘာလို့လဲဆိုတော့ ရုံးချိန်းလာတဲ့သူတွေက ချိန်းပြီး မစစ်ဖြစ်တော့ ဟိုသစ်ပင်ရိပ်ငုတ်တုပ်၊ ဒီသစ်ပင်ရိပ်ငုတ်တုပ်နဲ့။ တနေကုန် ထမင်းမစားရ၊ ဟင်းမစားရ။ ဟိုနားမော့ကြည့် ဒီနားမော့ကြည့်နဲ့ တနေကုန်သွားတယ်ပေါ့။ မနက် ၉ နာရီလောက်လာ ညနေ ၆ နာရီလောက်မှ ဒီနေ့က မစစ်ဖြစ်တော့ဘူးလို့ အကြောင်းပြန်တဲ့အခါကျတော့ လာရကျိုးမနပ်ဘူး။ ပြီးတော့ အဲလို နှစ်ခါ၊ သုံးခါဖြစ်သွားတော့ သက်သေတွေကလည်း စိတ်ညစ်တာပေါ့။  ပြီးတော့ ဒီအမှုက ရွေးကောက်ပွဲနဲ့ဆက်စပ်နေတယ်။ မြန်မာပြည်ရဲ့ တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေတဲ့ လက်ရှိအစိုးရကို စိန်ခေါ်နေတဲ့ ကိစ္စမျိုး ဖြစ်နေတယ်။ ဒီကိစ္စမျိုးတွေမှာ တရားစီရင်ရေးမဏ္ဍိုင်အနေနဲ့ မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ပါတယ်။”လို့ NLD ပါတီကိုယ်စားလှယ် ဦးနေဇင်လတ်က ပြောပါတယ်။

 အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ကာဘိုးကျေးရွာကို  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့ကြပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ ပြစ်မှုကျူးလွန်သူတွေနှင့် အားပေးလှုံံ့ဆော်သူတွေ၊ သက်ဆိုင်သူတွေကို တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး စုံစမ်းဖော်ထုတ်ပြီး ဉပဒေနဲ့အညီ အရေးယူဖို့ ဝန်ကြီးချုပ်က မှာကြားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် လူတချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး အဲဒီထဲက တစ်ယောက်မှာ ဆေးကုသမှုခံယူရင်းသေဆုံးသွားသလို နေအိမ်တစ်လုံး၊ ဆိုင်ကယ် ၃ စီးနဲ့ ကိုဗစ်စစ်ဆေးရေးဂိတ်လည်း ပျက်စီးခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး USDP နှင့် NLD ပါတီတာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာ ပါတီနှစ်ခုက အပြန်အလှန်စွပ်စွဲခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး USDP ပါတီကတော့ ကာဘိုးဖြစ်စဉ်အပါအဝင် တိုင်းအတွင်းရွေးကောက်ပွဲအကြိုကာလနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၂၇ ရက်နေ့က တိုင်းပါတီရုံးမှာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါသေးတယ်။

By မျက်မှောက်ခေတ်

error: Content is protected !!