ဆားလင်းကြီးမြို့နယ် ရွှေလှေကျေးရွာကို Stay at home ဧရိယာအဖြစ် မြို့နယ်ကျန်းမာရေးဌာနက ဒီဇင်ဘာ ၃၀ ရက်နေ့က သတ်မှတ်လိုက်ပါတယ်။ Stay at home ကာလကို ဒီဇင်ဘာလ ၃၀ ရက်နေ့ကနေ ဇန်နဝါရီလ ၁၂ ရက်နေ့ထိ သတ်မှတ်ထားပါတယ်။ Stay at Home အဖြစ် သတ်မှတ်တာကို ဆားလင်းကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး မြို့နယ်ကျန်းမာရေးအရာရှိ ဒေါက်တာမင်းထွဋ်လက်မှတ်နဲ့ ထုတ်ပြန်ခဲ့တာပါ။
“အဲဒီရွာမှာ ပိုးတွေ့လူနာ ၁၃ ယောက်ရှိတယ်။ အဲဒီပိုးတွေ့ ၁၃ ယောက်က မန္တလေးပြန်ရော၊ ပိုးတွေ့ရဲ့ Contact တွေက ကူးတာလဲပါတယ်။ ဒါကြောင့် ကူးစက်ပြန့်ပွားမှုရှိအောင် ထိန်းချုပ်တဲ့အနေနဲ့ လုပ်တာ။”လို့ ဆားလင်းကြီးမြိုနယ် အုပ်ချုပ်ရေးမှူး ဦးဆန်းမြင့်ကပြောပါတယ်။
Stay at home သတ်မှတ်ခံထားရတဲ့ ရွှေလှေကျေးရွာ ဒေသခံပြည်သူတွေကို တစ်ယောက်ကို ဆန်လေးပြည်နှုန်း၊ တစ်အိမ်ထောင်ကို ဆီ ၅၀ သားစီ ထောက်ပံ့ပေးတယ်လို့လည်း သိရပါတယ်။ ရွှေလှေကျေးရွာကို Stay at home ဒေသအဖြစ် သတ်မှတ်ကာလမှာ စည်းကမ်းချက် အချက် ၁၀ ချက်ကို လိုက်နာဆောင်ရွက်ဖို့နဲ့ အဲဒီအမိန့်ကို လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ တောကျောင်းကျေးရွာကို Stay at home ဒေသအဖြစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ကစပြီး ဇန်နဝါရီလ ၇ ရက်နေ့အထိ ချမှတ်ခဲ့ပါသေးတယ်။
ဆားလင်းကြီးမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၄၅ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၂၂ ဦးရှိကာ ဆေးကုသမှုပေးနေသူ ၂၃ ဦးရှိသေးတယ်လို့လည်း သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ် ၃၃ မြို့နယ်မှာ ပိုးတွေ့လူနာ ၁၆၄၇ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၁၃၇၉ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ မနေ့က ညနေပိုင်းက ထုတ်ပြန်ချက်အရ သိရပါတယ်။
ပိုတေး