Home > သတင်း > ကျန်းမာရေး > ကိုဗစ်ကပ်ရောဂါကြောင့် အလောင်းတော်ကဿပ ဘုရားဖူးလမ်းကို အစိုးရရဲ့ခွင့်ပြုချက်ရမှာသာ ဖွင့်လှစ်မည်

ကိုဗစ်ကပ်ရောဂါကြောင့် အလောင်းတော်ကဿပ ဘုရားဖူးလမ်းကို အစိုးရရဲ့ခွင့်ပြုချက်ရမှာသာ ဖွင့်လှစ်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်းရှိ အလောင်းတော်ကဿပ ဘုရားဖူးလမ်းကို နှစ်စဉ် ဒီဇင်ဘာ သို့မဟုတ် ဇန်နဝါရီလတွေမှာ ဖွင့်လှစ်ပေးနေကြ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့အတွက် ဘုရားဖူးလမ်းကို အစိုးရက ခွင့်ပြုချက်ရမှသာ ဖွင့်လှစ်မယ်လို့ အလောင်းတော်ကဿပ ဂေါပကအဖွဲ့ထံက သိရပါတယ်။ အလောင်းတော်ကဿပ ဘုရားဖူးရာသီကာလကို နှစ်စဉ် ဇန်နဝါရီလကစပြီး ဧပြီလ ၂၂ ရက်နေ့အထိ လေးလသာ ဖွင့်လှစ်လေ့ရှိပြီး မိုးရာသီမှာ လမ်းပိုင်းကို ပြန်လည်ပိတ်ထားပါတယ်။ ပြည်တွင်း ဘုရားဖူးခရီးသည်တွေ အဓိက လာရောက်ကြပြီး အာဆီယံအမွေအနှစ်ဉယျာဉ်ဖြစ်တဲ့အတွက်လည်း နိုင်ငံခြားသား ခရီးသည်တွေ လာရောက်လည်ပတ် လေ့လာတာတွေလည်း ရှိပါတယ်။

“ဒီနေ့ကျွန်တော်တို့က အလောင်းတော်ကဿပ ရင်ပြင်တော် သန့်ရှင်းရေးအနေနဲ့ တက်လာပြီ။ အခုဟာ အလောင်းတော်ကဿပဘုရားဖူးလမ်းကို ကျွန်တော်တို့လဲ ဖွင့်မရဘူး။ ဥက္ကဌဆရာတော်တွေလဲ ဖွင့်မရဘူး။ နိုင်ငံတော်က ဖွင့်ခွင့်ပေးမှသာ ကျွန်တော်တို့က ဖွင့်လှစ်လို့ရမှာပါ။ ကျွန်တော်တို့ကတော့ ဒီနေ့ပဲ လုပ်ငန်းစတာပဲ။ ရင်ပြင်တော် သန့်ရှင်းရေးအတွက် အားလုံးပဲ ဝန်ထမ်းတွေနှင့် ဂေါပကတွေ ပူးပေါင်းတက်လာတယ်။ နိုင်ငံတော်က ခွင့်ပြုရင်တောင် ဥက္ကဌဆရာတော်တွေရဲ့ ဩဝါဒတွေခံယူပြီး ကျွန်တော်တို့က ဖွင့်ရမှာ။ ကျွန်တော်တို့က ရမ်းပြီးမဖွင့်ရဲဘူး။ ကိုဗစ်ရောဂါကြောင့်လေ။ အလောင်းတော်ကဿပ ဘုရားဖူးရာသီကတော့ ပုံမှန်တိုင်းဆိုရင် ဇန်နဝါရီလမှာဖွင့်တယ်။ ကိုဗစ်ရောဂါကြောင့် နိုင်ငံတော်မှခွင့်ပြုချက်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပေးမှသာလျှင် ဖွင့်လှစ်မယ်။ နိုင်ငံတော်ရဲ့ခွင့်ပြုချက်ပဲ စောင့်မှာပါ။”လို့ ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးထီမောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အလောင်းတော်ကဿပ ဘုရားဖူးရာသီကာလကို ဇန်နဝါရီလကစပြီး ဖွင့်လှစ်ခဲ့ကာ ကိုဗစ်ရောဂါကြောင့် မတ်လ ၁၈ ရက်နေ့မှာ ပြန်ပိတ်ခဲ့ရတာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ ဘုရားဖူးရာသီတုန်းက ခရီးသွားလျော့တယ်ဗျ။ အရင်နှစ်တွေက ခရီးသွားတွေပေါတယ်။ အရင်နှစ်တွေက မလာဘူးဆိုရင် တစ်နေ့ကို လူဦးရေ ၄၊ ၅ ထောင်ပေါ့၊ အနည်းဆုံး ၂ ထောင်လောက်လာတယ်။ ဆွမ်းလောင်းတဲ့နေ့ဆိုရင် သောင်းဂဏန်ရှိတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က တစ်နေ့မှာ လူဦးရေ တစ်ထောင်တောင်မပြည့်ဘူး။ ကိုဗစ်ကြောင့် မတ်လ ၁၈ ရက်နေ့က ပိတ်လိုက်တယ်။ တစ်လစောပိတ်ရတယ်။ လာရောက်သူနည်းသွားတယ်။ တစ်နှစ်ကို ဘယ်လောက်လာလဲ မှန်းမရဘူး။”လို့လည်း ဦးထီမောင်က ပြောပါတယ်။

အလောင်းတော်ကဿ ပဘုရားဖူးရာသီကာလမှာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးအစရှိတဲ့ အောက်မြို့နယ်တွေက လာရောက်ကြပြီး နိုင်ငံခြားဧည့်သည်အနေဖြင့် ၁ နှစ်ကို လူဦးရေ ၅ ဦးခန့်လာရောက်တယ်လို့လည်း သိရပါတယ်။ အဓိကအားဖြင့် ဗုဒ္ဓဘာသာဝင်တွေရဲ့ ဆုတောင်းပြည့်တယ်ယုံကြည်ချက်ကြောင့် လာရောက်ကြတာဖြစ်သလို ခရီးလမ်းမှာ မြင်တွေ့ရတဲ့ တောတောင် သဘာဝ ရှုခင်းတွေ၊ စမ်းချောင်းတွေအပြင် ဆင်စီးနိုင်တဲ့အတွက်လည်း အလည်အပတ်ခရီး၊ အပန်းဖြေခရီးအနေနဲ့ သွားရောက်ကြတာလည်း ဖြစ်ပါတယ်။ ဘုရားပွဲဆွမ်းလောင်းရက်ဖြစ်တဲ့ တပေါင်းလပြည့်နေကတော့ အစည်ကားဆုံးနေ့လည်း ဖြစ်ပါတယ်။ အလောင်းတော်ကဿပကို ရပ်ဝေးရပ်နီးက ဆိုင်ကယ်၊ မော်တော်ယာဉ်တွေနဲ့ လာရောက်ကြတဲ့အပြင် ယောနယ်၊ ကျောဒေသ၊ ဂန့်ဂေါဒေသနှင့် မင်းကင်းဒေသတွေကတော့ ဟိုးရှေးကတည်းက ခြေလျင်ခရီးနဲ့ ဆွမ်းလောင်းလာရောက်သူတွေလည်း ယနေ့ထိတိုင် ရှိနေပါသေးတယ်။

ပိုတေး

error: Content is protected !!