Home > သတင်း > ကျန်းမာရေး > ဒီပဲယင်းမြို့တွင် Fever Clinic ဆေးခန်း စတင်ဖွင့်လှစ်

ဒီပဲယင်းမြို့တွင် Fever Clinic ဆေးခန်း စတင်ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့မှာ ဒီကနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ကစပြီး Fever Clinic ဆေးခန်းကို စတင်ဖွင့်လှစ်ပေးထားပါတယ်။ အဲဒီ Fever Clinic ဆေးခန်းကို ဒီပဲယင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနက ဦးဆောင်ပြီး ဖွင့်လှစ်ပေးထားခြင်းဖြစ်ကာ ဒီပဲယင်းမြို့ တောင်ပြင်ရပ်ကွက် အထကကျောင်းဝန်းအတွင်းမှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

“ကျွန်တော်တို့မြို့နယ်မှာ မနေ့က အနံ့ပျောက်လို့ဆိုပြီး စားသောက်ဆိုင်ကတစ်ယောက်ကို Test kit နဲ့ စစ်တဲ့အခါမှာ ပိုးတွေ့တယ်။ သူနဲ့အတူနေ မိသားစုဝင်တွေထပ်စစ်တော့ နှစ်ယောက် ထပ်ပိုးတွေ့တယ်။ စားသောက်ဆိုင်ကို ကိုဗစ်စည်းကမ်းချက်နဲ့အညီ ဖွင့်ပေးထားတာ ၄၊ ၅ ရက်လောက်ပဲရှိသေးတာ။ အဲဒီဆိုင်မှာ စားသောက်ခဲ့တဲ့သူတွေ၊ ထိတွေ့ခဲ့တဲ့သူတွေရှိရင် ဒီလူတွေထဲက အနံ့ပျောက်တာတို့၊ ထူးခြားတဲ့လက္ခနာတွေရှိရင် စစ်ဆေးလို့ရအောင် မြို့နယ်ဆေးရုံကြီးကနေ ခွဲထုတ်ပြီး Fever Clinic လုပ်ပေးတာပါ။”လို့ ဒီပဲယင်းမြို့နယ် အုပ်ချုပ်ရေးမှုး ဦးနိုင်လင်းထက်က ပြောပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့နောက်ပိုင်း ဒီပဲယင်းမြို့ မြို့မရပ်ကွက်ရှိ ရိုးရာထမင်းဆိုင်မှာ ဆိုင်ထိုင်စားသောက်ခဲ့သူတွေအနေနဲ့ အဲဒီပိုးတွေ့မိသားစုဝင်တွေနဲ့ ထိတွေ့ခဲ့ပါက နီးစပ်ရာ ကျန်းမာရေးဌာနနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးထံ ချက်ချင်း သတင်းပို့ပေးကြရန် မေတ္တာရပ်ခဲ့ထားပါတယ်။  ဒီပဲယင်းမြို့နယ်မှာ ပိုးတွေ့လူနာ ၃၃ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၃၀ ဦးရှိကာ ဆေးကုသခံယူနေသူ ၃ ဦးရှိတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ် ၃၁ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၁၀၆ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၇၅၈ ဦးရှိကာ သေဆုံးသူ ၂ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ချက်အရ သိရပါတယ်။

ပိုတေး

error: Content is protected !!