ဓာတ်ပုံ-Kayw Thet Win FB ဓာတ်ပုံ-Kayw Thet Win FB ဓာတ်ပုံ-Kayw Thet Win FB
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကိုဗစ်ကပ်ရောဂါပိုး ကူးစက်မှုများလာတဲ့ မြို့နယ် ၃ မြို့နယ်ကို Stay at home သတ်မှတ်လိုက်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။ Stay at home ကာလကို ဒီဇင်ဘာလ ၁၄ ရက်နေ့ကနေ ၂၄ ရက်နေ့ထိ သတ်မှတ်ထားပါတယ်။ တိုင်းအတွင်း မြို့နယ် ၃၇ မြို့နယ်မှာ မြို့နယ်ပေါင်း ၃၁ မြို့နယ်အထိ ကိုဗစ်ပိုးက ပျံ့နှံ့လာနေတာလည်း ဖြစ်ပါတယ်။ တိုင်းအစိုးရအဖွဲ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီအချိန် ထုတ်ပြန်တဲ့သတင်းအရ Stay at home သတ်မှတ်လိုက်တဲ့ စစ်ကိုင်းမြို့နယ်မှာ ပိုးတွေ့လူနာစုစုပေါင်း ၂၁၅ ဦး၊ ကလေးမြို့နယ်မှာ ပိုးတွေ့လူနာ ၂၄၇ ဦးနှင့် ရွှေဘိုမြို့နယ်မှာ ပိုးတွေ့လူနာ ၁၃၃ ဦးထိ တွေ့ရှိလာနေတာပါ။ စစ်ကိုင်းတိုင်းတစ်တိုင်းလုံးမှာ ပိုးတွေ့လူနာ စက်တင်ဘာလကနေ ဒီနေ့ထိ ပိုးတွေ့လူနာစုစုပေါင်း ၁၁၀၆ ဦးရှိပြီလည်း ဖြစ်ကာ သေဆုံးမှုတွေလည်း ရှိလာနေတာပါ။
“Stay at home ချမှတ်ဖို့ လုပ်နေပါတယ်။ အခုလောလောဆယ်တော့ အစည်းအဝေးထိုင်နေကြတုန်းပါ။ အစည်းအဝေးထိုင်ပြီး ကြိုတင်ပြင်ဆင်စရာရှိတာ ပြင်ဆင်နေပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ လုပ်မှာပါ။”လို့ ရွှေဘိုခရိုင် အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က ပြောပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ကိုဗစ်စည်းကမ်းတွေအရ Stay at home သတ်မှတ်ခံထားရတဲ့ မြို့နယ်တွေကနေ တခြားမြို့နယ်တွေကို သွားလာရင် Quarantine ၁၄ ရက်ဝင်ရောက်ရမှာလည်းဖြစ်ပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီအချန် သတင်းထုတ်ပြန်ချက်အရ ကိုဗစ်ပိုးတွေ့လူနာအသစ် ၁၃၂၁ ဦး၊ သေဆုံးသူ ၂၇ ဦး ထပ်တိုးခဲ့ပါတယ်။ လက်ရှိအချိန်ထိ တစ်နိုင်ငံလုံးမှာ ကိုဗစ်စစ်ဆေးပြီးသူ ၁.၃ သန်းကျော်၊ ပိုးတွေ့သူပေါင်း ၁၀၄၄၈၇ ဦး၊ ပျောက်ကင်းသူ ၈၂၈၁၃ ဦး၊ သေဆုံးသူ ၂၂၀၁ ဦးရှိပြီလည်း ဖြစ်ပါတယ်။
မျက်မှောက်ခေတ်