Home > သတင်း > ကျန်းမာရေး > စစ်ကိုင်းတိုင်းလွှတ်တော်တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ထမ်းတွေအပါအဝင် သတင်းထောက်တွေကို ကိုဗစ်ပိုး စစ်ဆေး

စစ်ကိုင်းတိုင်းလွှတ်တော်တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ထမ်းတွေအပါအဝင် သတင်းထောက်တွေကို ကိုဗစ်ပိုး စစ်ဆေး

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ နောက်ဆုံးအစည်းအဝေးအဖြစ် ၂၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။ ဒီအစည်းအဝေးကို တက်ရောက်ကြမယ့် လွှတ်တော်ရုံးဝန်ထမ်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သတင်းရယူကြမယ့် သတင်းမီဒီယာတွေကို တိုင်းလွှတ်တော်နှင့် ကျန်းမာရေးဌာနတို့ပူးပေါင်းကာ ဒီဇင်ဘာလ ၇ ရက်နေ့နှင့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွေမှာ မုံရွာမြို့ ဖူဆယ်အားကစားခန်းမမှာ RDT Test Kit နဲ့ ကိုဗစ်ပိုးရှိမရှိ စစ်ဆေးခဲ့တာဖြစ်ပါတယ်။ စစ်ဆေးမှုအဖြေတွေအရ အားလုံးမှာ ကိုဗစ်ပိုးမတွေ့ခဲ့ပါဘူး။

“လွှတ်တော်အစည်းအဝေး အောင်အောင်မြင်မြင်ကျင်းပနိုင်ဖို့ ဌာနပေါင်းစုံနဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကနေ ဆုံးဖြတ်ချက်နဲ့ လုပ်တာပါ။ အခုလက်ရှိအနေအထားကလည်း ကိုဗစ်ပျံ့နှံ့မှုက အရမ်းများနေတယ်။ ဒီအတွက် အကာအကွယ်ဖြစ်အောင် လုပ်ရတာပါ။ အားလုံးကလည်း နယ်ပေါင်းစုံကလာတာဆိုတော့လေ။ ပြီးတော့ သတင်းထောက်တွေ ရွေးဖိတ်တာကလည်း နေရာအခက်အခဲရယ် အစည်းဝေးဆုံးဖြတ်ချက်နဲ့ ဌာနဆိုင်ရာတွေတင်ပြတဲ့အပေါ် အခြေခံပြီး ဖိတ်ရတာ။ ခွဲခြားတဲ့အနေနဲ့ ရွေးဖိတ်တာမဟုတ်ပါဘူး။ အတတ်နိုင်ဆုံး လူဦးရေလျှော့ချရတာပါ။ ဒါကလည်း ကိုဗစ်ကြောင့်ပါ။”လို့ စစ်ကိုင်းတိုင်းလွှတ်တော် အရာထမ်းတစ်ဦးဖြစ်သူ ဦးထက်ဦးမောင်က ပြောပါတယ်။

RDT Test Kit စစ်ဆေးတာကိုတော့ လွှတ်တော်ရဲ့ ပေးပို့လာတဲ့စာရင်းကို ကျန်းမာရေးဌာနက တာဝန်ယူကာ အခမဲ့ စစ်ဆေးပေးခဲ့တာပါ။ ဒီဇင်ဘာလ ၇ ရက်နေ့က လွှတ်တော်ရုံးဝန်ထမ်း ၆၇ ဦး၊ ရဲလုံခြုံရေးဝန်ထမ်း ၈ ဦးနှင့် ကိုယ်စားလှယ် ၂၆ ဦးတို့ကို စစ်ဆေးပေးခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာတော့ နာဂဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးကေဆိုင်းနဲ့အဖွဲ့ ၈ ဦး၊ ကိုယ်စားလှယ် ၂ ဦးနှင့် သတင်းမီဒီယာ ၇ ဦး စုစုပေါင်း ၁၇ ဦးကို စစ်ဆေးခဲ့ပါတယ်။ အားလုံးကိုဗစ်ပိုးမတွေ့ရှိခဲ့ပါဘူး။ ကျန်ရှိနေသေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ကိုယ့်ဒေသမှာကိုယ် စစ်ဆေးခဲ့ပြီး ရောဂါပိုးကင်းစင်မှသာ လွှတ်တော် တက်ရောက်ခွင့်ရမှာလည်း ဖြစ်ပါတယ်။  

လက်ရှိလွှတ်တော်အစည်းအဝေးကို ဒီဇင်ဘာလ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။ အဓိကအားဖြင့် အဖွဲ့အစည်း၊ ကော်မတီ၊ ဌာနတွေရဲ့ ၅ နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို အတည်ပြုဖို့နှင့် အတည်ပြုဖို့ကျန်နေသေးတဲ့ နည်းဥပဒေတွေ အတည်ပြုဖို့အတွက် ကျင်းပတာလို့ သိရပါတယ်။

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် သက်တမ်းအတွင်း ပုံမှန်အစည်းအဝေးပေါင်း ၂၅ ကြိမ်၊ အထူးအစည်းအဝေး ၃ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၃ ကြိမ် ကျင်းပခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်းပေါင်း ၁၈၇၇ ခု၊ ကြယ်ပွင့်မပြမေးခွန်းပေါင်း ၈၉၀ ခု မေးမြန်းခဲ့ကာ အဆိုပေါင်း ၂၈ ခု၊ ဥပဒေပေါင်း ၂၈ ခုတို့ အတည်ပြုခဲ့ပြီး နည်းဥပဒေလည်း အနည်းဆုံး ၄ ခုထက်မနည်း အတည်ပြုဖို့ ကျန်ရှိနေပါသေးတယ်။ စစ်ကိုင်းတိုင်းလွှတ်တော်မှာ တက်ရောက်ခွင့်ရှိသူ ၁၀၁ ဦးရှိခဲ့ပေမယ့် လက်ရှိမှာ ၉၉ ဦးသာ ကျန်ရှိပါတယ်။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!