စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ရွာ ရေနံချက်ဖိုကုန်းက ရေနံဖိုတစ်ခုမှာ ဒီဇင်ဘာလ ၈ ရက်နေ့ နေ့လည်ပိုင်းက မတော်တဆ မီးလောင်မှုဖြစ်ခဲ့ပြီး လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီရေနံချက်ဖိုမှာ CANDER ၆ ဘီးယာဉ်ပေါ်ရှိ ပေပါခွံအတွင်းသို့ ဓာတ်ဆီထည့်ရာကနေ ပေပါပေါက်ပြီး ယိုစိမ့်နေတာကြောင့် လက်ရိုက်ပန့်နဲ့ တခြားပေပါကို ပြန်ထည့်နေစဉ် လက်ရိုက်ပန့်နှင့် ပေပါပွတ်မိရာကနေ မီးပွားထွက်ပြီး မီးစတင်လောင်ကျွမ်းခဲ့တာပါ။
“၆ ဘီးကားပေါ်မှာရှိတဲ့ ပေပါအခွံတွေထဲကို ဓာတ်ဆီထည့်တာ။ ဓာတ်ဆီထည့်နေရင်းနဲ့ ထည့်တဲ့ပေပါ ပေါက်နေတော့ ဆီကယိုတာနဲ့ အခြားပေပါအလွတ်ထဲကို လက်ရိုက်ပန့်နဲ့ပြန်လှယ်ထည့်ရာကနေ အဲချိန်မှာ လက်ရိုက်ပန့်နဲ့ပေပါနဲ့ပွတ်မိပြီး မီးပွားထွက်ပြီး မီးလောင်မှုဖြစ်တာ။ ပန့်ကိုင်တဲ့ရေနံချက်ဖိုလုပ်သားတစ်ယောက်က လက်ကိုမီးဟပ်သွားတာ။ ကျန်တဲ့ကားယာဉ်မောင်းကတော့ ပုခုံးမီးဟပ်သွားတာ။ နှစ်ယောက်စလုံးက စိုးရိမ်စရာမရှိဘူး။ ဆေးရုံရောက်လို့ ဆေးကုသပေးတော့ သက်သာပါတယ်။”လို့ မုံရွာခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က ပြောပါတယ်။
အဲဒီမီးလောင်မှုကြောင့် ဓာတ်ဆီ ၅ ဂါလံ၊ ဘတ္ထရီ ၇၀ ဗို့အား ၁ လုံး ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၆၀၀၀၀ ရှိကာ ယာဉ်မောင်း ဦးမောင်ဦးမှာ ညာလက်မီးလောင်ဒဏ်ရာနှင့် ယာဉ်နောက်လိုက် အောင်မျိုးမင်းမှာ ဝဲပုခုံး မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တာပါ။
မီးလောင်မှုကို မုံရွာခရိုင်မီးသတ်ဦးစီးဌာနက ခရိုင်မီးသတ်ဦးစီးမှူး ဦးညီညီဇော်ဦးဆောင်ပြီး မီးငြိမ်းသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၁ စီး၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနှင့် ပြည်သူတွေ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြတာပါ။ အဆိုပါမီးလောင်မှုနဲ့ပတ်သက်လို့ မီးပေါ့ဆသူ ချက်ဖိုမန်နေဂျာ ဇော်မျိုးလှိုင်ကို မုံရွာနယ်မြေရဲစခန်းက (ပ)၄၃၀ /၂၀၂၀၊ ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားပါတယ်။
ပိုတေး