Home > သတင်း > ကျန်းမာရေး > ကိုဗစ်ပိုးတွေ့လူနာများတဲ့ ကလေးမြို့ပေါ် ရပ်ကွက် ၅ ခုကို Stay At Home သတ်မှတ်ရန် စီစဉ်နေ

ကိုဗစ်ပိုးတွေ့လူနာများတဲ့ ကလေးမြို့ပေါ် ရပ်ကွက် ၅ ခုကို Stay At Home သတ်မှတ်ရန် စီစဉ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ကိုဗစ်ပိုးတွေ့လူနာများလာတာကြောင့် မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်ကို Stay At Home သတ်မှတ်ဖို့ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းက ကလေးခရိုင် ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံ စာတင်ပြထားပါတယ်။ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီအချိန်က ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီရုံး အစည်းအဝေးခန်းမမှာ မြို့နယ်အဆင့် ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့မိမြို့ဖတွေ၊ လူမှုရေးအသင်းအဖွဲ့တွေနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ တွေ့ဆုံညှိနှိုင်းခဲ့ကြတာပါ။ ဒီတွေ့ဆုံပွဲကနေ အောင်သစ္စာ၊ တပ်ဦးသီတာ၊ ချမ်းမြေ့အောင်စည်၊ အောင်မင်္ဂလာနှင့် မြို့သာရပ်ကွက်တို့ကို Stay At Home သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

“ကလေးမြို့ပေါ် ၅ ရပ်ကွက်ကို Stay at home ချဖို့ မနေ့က ခရိုင်ကိုတင်တယ်။ ခရိုင်ကနေ တိုင်းကိုတင်ပြတယ်။ အခုအချိန်အထိတော့ အကြောင်းမပြန်သေးဘူး။ အဓိကတော့ အဲဒီရပ်ကွက်တွေ ပိုးတွေ့ရှိတာတွေများလို့ပါ။”လို့ ကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျုံးလျန်ထန်းက ပြောပါတယ်။

အရင်ကလည်း ကလေးမြို့ စမ်းမြို့ရပ်ကွက်မှာ Positive လူနာဦးရေ များခဲ့လို့ တခြားရပ်ကွက်တွေကို ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် စက်တင်ဘာလ ၂၉ ရက်နေ့က အောက်တိုဘာလ ၁၂ ရက်နေ့ထိ Stay at Home သတ်မှတ်ခဲ့ပါသေးတယ်။

“ကလေးမြို့မှာ ကိုဗစ်ပိုးတွေ့မှုဟာ စစ်ကိုင်းတိုင်းဒေသကြီးမှာ ကလေးမြို့က ထိပ်ကဖြစ်နေတယ်။ အကူအညီအများကြီးလိုအပ်တယ်။”လို့လည်း အုပ်ချုပ်ရေးမှုးက ပြောပါတယ်။

အဲဒီရပ်ကွက် ၅ ရပ်ကွက်ကို Stay At Home ချမှတ်ပြီးရင် လိုအပ်တဲ့ ကူညီစောင့်ရှောက်မှုတွေကို ဌာနဆိုင်ရာ၊ Volunteer အဖွဲ့တွေနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပူးပေါင်းအဖွဲ့နဲ့ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ကလေးမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၂၃၃ ဦးရှိပြီး ဆေးရုံကနေ ဆင်းခွင့်ရသူ ၁၇၅ ဦးရှိပြီဖြစ်တယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီဇင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ် ၃၀ မှာ ပိုးတွေ့လူနာ ၁၀၃၈ ဦးရှိပြီး ဆေးရုံကနေ ဆင်းခွင့်ရသူ ၇၃၇ ဦးရှိကာ သေဆုံးသူ ၂ ဦးရှိပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပိုးတွေ့မြို့နယ်  ၃၀ မှာ ကလေးမြို့က ပိုးတွေ့လူနာအများဆုံးလည်း ဖြစ်ပါတယ်။

ပိုတေး

error: Content is protected !!