ပြည်တွင်းငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်မှာ 4G အင်တာနက် ပြန်လည်ဖွင့်ပေးရေး၊ သွေးစွန်းအစိုးရအလိုမရှိ၊ လူသတ်စစ်တပ်အလိုမရှိ၊ ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွှတ်ပေးရေး စတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ တောင်းဆိုလှုပ်ရှားမှုလုပ်ခဲ့လို့ဆိုပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မုံရွာခရိုင် ဗကသကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ လင်းသူရကို ကိုဒီဇင်ဘာ ၁ ရက်နေ့မှာ ရုံးထုတ်မယ်လို့ ချိန်းဆိုထားပေမယ့် ကိုဗစ်အကြောင်းပြချက်နဲ့ ရုံးထုတ်ခြင်းမရှိဘဲ ဒီဇင်ဘာ ၁၅ ရက်နေ့ကို ထပ်မံချိန်းဆို ရွှေ့ဆိုင်းလိုက်ပါတယ်။
“ကိုဗစ်ကာလဖြစ်တဲ့အတွက် ထောင်က တရားခံတွေ ထုတ်မပေးဘူး။ တရားရုံးကို တရားခံထုတ်မပေးတဲ့အတွက် ကျွန်တော်တို့ အမှုမစစ်ရသေးဘူး။ တစ်ခါ ရုံးချိန်တစ်ချိန်းကို ၂ ပတ်ပြန်ပြန်ချိန်းနေတယ်ပေါ့။ ရက်ချိန်းပဲ လာယူနေရပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ ကျွန်တော်တို့ အမှုတွဲ ကူးပေးထားတယ်ဆိုတဲ့ အဆင့်ကလွဲလို့ ဘာမှ မလုပ်ရသေးပါဘူး။ ကျွန်တော်တို့ကြားရသလောက်ကတော့ ကိုဗစ်ရောဂါရဲ့အခြေအနေကြောင့် ထောင်က သူ့ရဲ့စည်းကမ်းအရပေါ့နော် သူတို့ဆုံးဖြတ်ချက်အရ ထုတ်မပေးတာလို့ သိရတယ်။ ဒီကိစ္စကလည်း အားလုံးပူးပေါင်း အဖြေရှာရမယ့် ကိစ္စပဲ။ နောက်တစ်ခုကတော့ ဒါတွေအပေါ်မှာ ဖြေလျှော့ပြီးတော့ အာမခံရရင်တော့ အကောင်းဆုံးဖြစ်မှာပေါ့လေ။”လို့ လင်းသူရကိုရဲ့ ရှေ့နေဖြစ်သူ ဦးမိုးဇော်ထွန်းက မျက်မှောက်ခေတ်ကို ပြောဆိုထားပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ ရုံးချိန်းပြောင်းရွှေ့တာ ၄ ကြိမ်ရှိပြီဖြစ်ကာ ဖမ်းဆီးခံထားရတာလည်း ရက်ပေါင်း ၇၀ ကျော်သွားပြီဖြစ်ပါတယ်။ လက်ရှိအချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မရသေးသလို မုံရွာအကျဉ်းထောင်ထဲမှာပဲ ရှိသလား၊ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိလဲဆိုတာကိုတော့ တိတိကျကျ မပြောနိုင်ဘူးလို့ မုံရွာခရိုင်ဗကသကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ အခုလို ဖမ်းဆီးတဲ့အပေါ်မှာ မေးစရာမေးခွန်းတွေလည်း ရှိလာတယ်လို့လည်း ဆိုပါတယ်။
“တရားစီရင်ရေးက တကယ်ပဲ အလုပ်ဖြစ်ရဲ့လား။ တကယ်ကော ရိုးသားရဲ့လား။ ပွင့်လင်းမြင်သာမှုရှိရဲ့လား။ ကျောင်းသားတစ်ယောက်ကို ကြက်ကလေး ငှက်ကလေးဖမ်းသလို ဖမ်းပြီးတော့ ထောင်ထဲကို ထိုးထည့်လိုက်တယ်။ ဆိုတော့ ဒီအနေအထားမှာ ကျွန်တော်တို့ပြောစရာရှိတာက လက်ရှိ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးက ရိုးသားရဲ့လား။ ပြည်တွင်းစစ်ငြိမ်းချမ်းဖို့ တောင်းဆိုတဲ့ ကျောင်းသားတွေကို ထောင်ချတယ်။ ဖမ်းဆီးတယ်။ မတရားချုပ်နှောင်တယ်။ ဘာကြောင့်လဲ။ ငြိမ်းချမ်းရေးကို တောင်းဆိုတဲ့ ကျောင်းသားတွေ၊ ပြည်တွင်းစစ်ရပ်ဖို့တောင်းဆိုတဲ့ ကျောင်းသားတွေက တော်တော်အပြစ်ရှိသွားလား။ တော်တော်ပဲ အပြစ်အကြီးကြီး ဖြစ်သွားလား။ ကျွန်တော်တို့က ငြိမ်းချမ်းရေးတောင်းဆိုတယ်။ သူတို့က မတရားဖမ်းဆီးချုပ်နှောင်ထားတယ်။ မေးစရာမေးခွန်းတွေ အများကြီးရှိပါတယ်။”လို့ မုံရွာခရိုင်ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ဝင်းမြင့်ဟိန်းက ပြီးခဲ့တဲ့ ရုံးချိန်းမှာ မျက်မှောက်ခေတ်ကို ပြောဆိုထားပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပုံစံအမျိုးမျိုးနဲ့ လှုပ်ရှားတောင်းဆိုခဲ့ကြတဲ့ ဗကသကျောင်းသားတွေကို ဖမ်းဆီးထားတာက မုံရွာတင်မက မန္တလေး၊ မိတ္ထီလာ၊ စစ်တွေ၊ ပခုက္ကူ စတဲ့ဒေသတွေက တက္ကသိုလ်ကျောင်းသားတွေလည်း ဖမ်းဆီးခံနေရပါတယ်။ လက်ရှိအချိန်ထိ မိသားစုတွေနဲ့ တွေ့ခွင့်မရကြသေးသလို ရုံးထုတ်တာတွေကိုလည်း ကိုဗစ်အကြောင်းပြချက်နဲ့ ပိတ်ထားဆဲဖြစ်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားအများစုကိုတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မတွေနဲ့ တရားစွဲဆိုထားပြီး တချို့နေရာတွေမှာတော့ ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲတာတွေလည်း ရှိနေပါတယ်။
စစ်ကိုင်းတိုင်းမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ တရားစွဲဆိုမှုအနေနဲ့ ရွေးကောက်ပွဲကာလက ဖြစ်စဉ်တွေအပါအဝင် အနည်းဆုံး ၂၀ ဝန်းကျင်ရှိပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေမှာ တရားရုံးမှာ အမှုရင်ဆိုင်နိုင်တဲ့အခွင့်အရေးတွေ ဆုံးရှုံးနေရသလို ရုံးထုတ်မရှိတာအပြင် ထောင်ဝင်စာတွေ့ခွင့်မရလို့ မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်မရတာ စတဲ့အခြေခံလူ့အခွင့်အရေးတွေလည်း နစ်နာမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တရားစီရင်ရေးကိစ္စရပ်တွေ မြန်မြန်ဆန်ဆန်ဖြစ်ဖို့ တွန်းအားပေးသွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် လူ့စွမ်းအားရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူကို မျက်မှောက်ခေတ်က သွားရောက်တွေ့ဆုံမေးမြန်းစဉ်မှာ ပြောဆိုထားပါတယ်။
“ကိုဗစ်နဲ့ပတ်သက်ပြီးတော့မှ တရားရေးမဏ္ဍိုင်က စစ်ဆေးနေတဲ့ အနေအထားတွေအပေါ်မှာ ဆက်ပြီးတော့မှ ဘယ်လိုနည်းနဲ့ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရင် ကောင်းမလဲဆိုတဲ့ဟာတွေအပေါ်မှာ တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးရောက်တဲ့အခါမှာ ညှိနှိုင်းစည်းဝေးကြည့်ပါ့မယ်။ အကယ်၍ ညှိနှိုင်းလို့ ရခဲ့သည်ရှိသော် မြန်မြန်ဆန်ဆန်နဲ့ အမှုတွေကို ပြီးဆုံးဖို့ရာ စစ်ဆေးဖို့ရာအတွက် တွန်းအားပေးပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက ပြောပါတယ်။
အခုလို ပြည်တွင်းငြိမ်းချမ်းရေးအတွက် တောင်းဆိုဆန္ဒပြနေတဲ့ကျောင်းသားတွေနဲ့ပတ်သက်လို့ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေပြန်လွှတ်ပေးရေး၊ အမှုတွေ ပြန်လည်ရုပ်သိမ်းပေးရေးအတွက်လည်း လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်း ၁၀ ခုက နိုဝင်ဘာလ ၂၃ ရက်နေ့က တောင်းဆိုခဲ့ပါသေးတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ တောင်းဆိုလှုပ်ရှားတဲ့အတွက် ဖမ်းဆီးခံရသူ ကျောင်းသား ၂၀ ဦးထက်မနည်းရှိနေပါတယ်။
လွင်မင်း (မျက်မှောက်ခေတ်)