စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အင်းစိန်ကျေးရွာမှာ အာဖရိက ဝက်အပြင်းဖျား ရောဂါကြောင့် ဝက်သေဆုံးတွေ ဖြစ်ပေါ်နေတယ်လို့ ကလေးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိရပါတယ်။ နိုဝင်ဘာလ ၄ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ အာဖရိက ဝက်အပြင်းဖျားရောဂါကြောင့် ဝက်အကောင်ရေ ၄၃ ကောင်သေဆုံးခဲ့တာပါ။
“အင်းစိန်ကျေးရွာမှာ ဝက်ကောင်ရေ ၁၅၈ ကောင်မွေးမြူထားပါတယ်။ အဲထဲက အာဖရိက ဝက်အပြင်းဖျားရောဂါဖြစ်လို့ သေဆုံးတဲ့ဝက်အကောင်ရေ ၄၃ ကောင်ရှိတယ်။ အဲဒီ ၄၃ ကောင်ထဲက ၂၃ ကောင်က ဝက်ကြီးနဲ့ ကျန်တာဝက်ပေါက်စတွေပါ။ ဝက်သေဆုံးမှုက ၂၁ ကနေ့ ဒီနေ့အထိမရှိသေးဘူး။”လို့ လက်ထောက်ညွှန်ကြား ရေးမှူးဒေါက်တာမှိန်းထန်းဇီးကပြောပါတယ်။
အင်းစိန်ကျေးရွာက ဝက်သေဆုံးတာနဲ့ပတ်သက်ပြီး ကလေးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သေဆုံးတဲ့ဝက်တစ်ကောင်ရဲ့ အတွင်းကလီစာတွေကို မန္တလေးမြို့ရှိ တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းကို နိုဝင်ဘာလ ၁၈ ရက်နေ့က ပို့ဆောင်ခဲ့ပြီး စစ်ဆေးရာမှာ ဝက်သေဆုံးမှုဟာ အာဖရိက ဝက်အပြင်းဖျား ရောဂါကြောင့်သာ ဖြစ်တယ်လို့ အဖြေထွက်ခဲ့တာပါ။ သေဆုံးတဲ့ဝက်တွေကို မရောင်းချဘဲ စနစ်တကျ မြေမြှုပ်ပေးဖို့ ပြောကြားထားပြီး အာဖရိက ဝက်အပြင်းဖျားရောဂါဟာ လူကိုကူးစက်မှုမရှိပေမယ့်လဲ တိရစ္ဆာန်အချင်းချင်း ကူးစက်နိုင်တယ်လို့လည်း သိရပါတယ်။
အာဖရိက ဝက်အပြင်းဖျားရောဂါ ကူးစက်ပြန့်ပွားမှုတွေမရှိအောင် ပိုးသတ်ဆေးဖျန်းတာ၊ အသိပညာပေးတာတွေ၊ ဝက်သေ တခြားဒေသကိုမသယ်ဖို့နဲ့ ရောဂါရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ အာဖရိကဝက်အပြင်းဖျားရောဂါက ကလေးမြို့နယ်အပြင် တန့်ဆည်မြို့နယ်အတွင်းက ရွာရှည်အုပ်စုရှိ ကျေးရွာနှစ်ရွာမှာလည်း ဖြစ်ပွားနေပြီး ဝက်အကောင်ရေ ၁၀၀ ကျော် သေဆုံးတာတွေရှိတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အချို့မှာလည်း နွားအရေပြားရောဂါတွေဖြစ်ပွားနေပြီး သေဆုံးမှုတချို့လည်း ကြုံတွေ့နေကြရပါတယ်။
ပိုတေး၊ မျက်မှောက်ခေတ်