Home > သတင်း > ကျန်းမာရေး > တန့်ဆည်မြို့နယ် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်အကောင်ရေ ၁၀၀ ကျော် သေဆုံး

တန့်ဆည်မြို့နယ် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်အကောင်ရေ ၁၀၀ ကျော် သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်အတွင်းက ကျေးရွာနှစ်ရွာမှာ အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်အကောင်ရေ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်းက ပြောပါတယ်။ အဲဒီကျေးရွာနှစ်ရွာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက အာဖရိကဝက် အပြင်းဖျားရောဂါ စတင်ဖြစ်ပွားနေပြီး ဒီနေ့ထိ ဝက်အကောင်ရေ ၁၀၀ ကျော် သေဆုံးခဲ့တာပါ။

“ရွာရှည်အုပ်စုထဲက ရွာနှစ်ရွာမှာ အာဖရိကဝက် အပြင်းဖျားရောဂါ ဖြစ်နေတာပါ။ အာဖရိကဝက် အပြင်းဖျားရောဂါက တိစ္ဆာန်အချင်းဖြစ်တယ်။ လူကိုတော့ မကူးစက်ဘူး။ ဝက်အချင်းကူးတာဆိုတော့ တခြားဒေသတွေကို မခေါ်သွားဖို့၊ သေဆုံးဝက်တွေ မရောင်းဖို့နဲ့ ကျန်းမာရေးမကောင်းရင် သက်ဆိုင်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကို သတင်းပို့ဖို့ ပြောထားတယ်။ အဓိကတော့ အကောင်အချင်းချင်း ထိတွေ့တာကနေ ကူးတာဆိုတော့ ဝက်တွေတနေရာနဲ့ တနေရာ မသယ်ဖို့ ပြောကြားထားတယ်။”လို့ ဦးကျော်စွာမင်းက ပြောပါတယ်။

အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် သေဆုံးခဲ့တဲ့ဝက်တွေကို မရောင်းချဖို့နဲ့ စနစ်တကျ မြေမြှုပ်ဖို့ အသိပေး ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။

“တန့်ဆည်မြို့နယ်မှာ အာဖရိကဝက် အပြင်းဖျားရောဂါဖြစ်နေတာ။ အခြားမြို့နယ်မှာ မရှိပါဘူး။ အာဖရိကဝက် အပြင်းဖျားရောဂါကြောင့် သေဆုံးဝက်အကောင်အရေက စာရင်းကောက်ယူနေတယ်။ အတိအကျမရသေးဘူး။ ကျွန်တော်တို့ဌာနက ထိန်းချုပ်နိုင်ဖို့ ကွင်ဆင်း ဆောင်ရွက်နေတယ်။”လို့လည်း စစ်ကိုင်းတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတိုင်းဦးစီးမှူး ဒေါက်တာမြင့်စိုးက ပြောပါတယ်။

တိုင်းအတွင်း အာဖရိကဝက်အပြင်းဖျားရောဂါအပြင် နွားအရေပြားရောဂါတွေလည်း မြို့နယ်တော်တော်များများမှာ ဖြစ်ပေါ်နေပြီး သေဆုံးမှုတွေလည်း ကြုံတွေ့နေရပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေမှာ ရောဂါပိုးတွေ ကျရောက်နေတဲ့အတွက် သက်ဆိုင်ရာက အမြန်ဆုံးကွင်းဆင်းစစ်ဆေးကာ ဆောင်ရွက်ပေးဖို့လည်း ဒေသခံတွေက လိုလားနေကြပါတယ်။

ပိုတေး

error: Content is protected !!